Mufti Muhammad Anas

Mufti Muhammad Anas

Share

01/02/2026

🌙 ရှာအ်ဗာန်လ (၁၅) ရက်ည "ရှဗေဘရာအသ်" ၏ ထူးမြတ်မှုနှင့် ကျင့်ဝတ်များ

​ရှာအ်ဗာန်လ၏ တစ်ဝက်ဖြစ်သော (၁၅) ရက်မြောက်ညကို "ရှဗေဘရာအသ်" (လွတ်ငြိမ်းချမ်းသာခွင့်ည) ဟု ခေါ်ဆိုပါသည်။ ဤညတွင် အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံများစွာကို အပြစ်နွံမှ လွတ်ကင်းခွင့်ပေးသနားတော်မူသည်။ ဤည၏ ထူးမြတ်မှုနှင့် ပတ်သက်၍ ဆွဟာဗဟ်ကြီး (၁၀) ပါးခန့်က ဟဒီးစ်တော်များ ဆင့်ပြန်ခဲ့ကြပါသည်။

အဓိက ဟဒီးစ်တော်များ

မိခင်မွန်ကြီး အာအေရှဟ် (رضى الله عنها) မှ ဆင့်ပြန်ချက်: ရှာအ်ဗာန်လ (၁၅) ရက်ညတွင် တမန်တော်မြတ် (‎ﷺ)ကို အိပ်ရာ၌ မတွေ့သဖြင့် လိုက်ရှာရာ ဂျန္နသုလ်ဗကီးအ် သင်္ချိုင်းတော်တွင် တွေ့ရှိခဲ့သည်။ တမန်တော်မြတ် (‎ﷺ)က မိန့်ကြားသည်မှာ "ယနေ့ညသည် ရှာအ်ဗာန်လ (၁၅) ရက်ညဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ဤညတွင် ဒုတိယမိုးကောင်းကင်ယံသို့ ဆင်းသက်တော်မူပြီး ဗနီကလ်ဗ် မျိုးနွယ်စု၏ သိုးများပေါ်ရှိ အမွှေးအမျှင် အရေအတွက်ထက်ပင် ပိုမိုများပြားသော အပြစ်သားများကို ခွင့်လွှတ်တော်မူသည်" ဟု မိန့်တော်မူသည်။

ဒုတိယ ဟဒီးစ်တော်

ဤညတွင် ထိုနှစ်အတွင်း မွေးဖွားမည့် ကလေးများစာရင်းနှင့် သေဆုံးမည့်သူများ၏ စာရင်းကို ရေးမှတ်သည်။ လူသားတို့၏ အမလ် (ကျင့်ဆောင်ချက်) များကို အလ္လာဟ့်ထံတော်သို့ တင်ပြတော်မူပြီး (စားနပ်ရိက္ခာ) များကို ချမှတ်ပေးသည်။

တတိယ ဟဒီးစ်တော်

ဤညတွင် လူသားအားလုံးကို ခွင့်လွှတ်တော်မူသော်လည်း လူ (၇) မျိုးကိုမူ (သောင်ဗဟ် မလုပ်မချင်း) ခွင့်မလွှတ်ပါ။ ၎င်းတို့မှာ-မုရှ်ရစ်က် (အရှင်မြတ်နှင့် တွဲဖက်သူ)၊ မိဘကို ရန်လုပ်သူ၊ ရန်ငြိုးထားသူ၊ အရက်သောက်သူ၊ လူသတ်သမား၊ အဝတ်အစားကို ခြေမျက်စိအောက် ဝတ်ထားသူ နှင့် ကောလာဟလဖြန့်သူ တို့ ဖြစ်သည်။

ဟဇရသ် အလီ (رضى الله عنه) မှ ဆင့်ပြန်ချက်

ဤညတွင် အိဗါဒသ် (ဝတ်ပြုမှု) ပြုလုပ်ပြီး နေ့တွင် ရိုဇာ (ဥပုသ်) စောင့်ကြပါ။ နေဝင်ချိန်မှစ၍ အလ္လာဟ်အရှင်မြတ်က "အပြစ်ခွင့်လွှတ်မှု တောင်းခံသူ ရှိသလား?ရိုဇီရိက္ခာတောင်းခံမယ့်သူ ရှိသလား? ဒုက္ခမှ ကင်းဝေးလိုသူ ရှိသလား?" ဟု ကြေညာတော်မူသည်။

ဤညတွင် ပြုလုပ်ရန် သာသနာက ခွင့်ပြုထားသော အလုပ် (၃) ခု။
သင်္ချိုင်းသို့သွား၍ ဒုအာပြုခြင်း၊ တမန်တော်မြတ် (‎ﷺ)သည် တစ်သက်တာတွင် တစ်ကြိမ်သာ သွားခဲ့ဖူးသည်။ ထို့ကြောင့် စွန္နသ်တော်ကို လိုက်နာသောအားဖြင့် တစ်သက်တွင် တစ်ကြိမ်သွားခြင်းမှာ ကုသိုလ်ရသော်လည်း၊ ပန်းများ၊ အခင်းများ၊ မီးထွန်းခြင်းများနှင့် နှစ်စဉ်မဖြစ်မနေ သွားရမည်ဟု သတ်မှတ်ခြင်းမှာ သာသနာ၌ မရှိပါ။

နဖိလ်ဝတ်ပြုခြင်းနှင့် ဇိကိရ်ပြုခြင်း။

ဤအလုပ်မှာ တစ်ကိုယ်ရည်တည်း တိတ်ဆိတ်စွာ ပြုလုပ်ရမည့် အလုပ်ဖြစ်သည်။ ဗလီများတွင် စုပေါင်း၍ ဆူညံစွာ ပြုလုပ်ခြင်းထက် မိမိအိမ်၌ အလ္လာဟ်နှင့် ဆက်သွယ်မှုပြုခြင်းက ပို၍ မြတ်နိုးဖွယ်ကောင်းပါသည်။

နေ့ဘက်တွင် ရိုဇာစောင့်ခြင်း။

ဟဇရသ် အလီ (رضى الله عنه) ၏ ဟဒီးစ်တော်အရလည်းကောင်း၊ လစဉ် (၁၃၊ ၁၄၊ ၁၅) ရက်နေ့များတွင် တမန်တော်မြတ် (‎ﷺ)ရိုဇာစောင့်လေ့ရှိခြင်းကြောင့်လည်းကောင်း၊ ဤနေ့၌ ရိုဇာစောင့်ခြင်းမှာ မုစ်သဟဗ် (ကောင်းမြတ်သော အလုပ်) ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သခင်ကျွန်တော်တို့အားလုံးကို
ရှဗေဘရာအသ်ရဲ့ အကျိုးအနိသင် အပြည့်အဝ ချီးမြှင့်ပေးသနာတော်မူပါစေ။

ရှိုင်ခ်နှင့်တွေ့ရန် မက္ကာဟ်သို့ခေတ္တရှောက်ရှိ
🖋️မုဖ်သီ မုဟမ္မဒ် အနတ်စ် (မဟ်မူဒီ အခ်သရီ)တာမွေ

31/12/2025

(​မိုးရေထဲက လောကီဘဝ)
2025ကတော့ သင်ခန်းစာတွေအများကြီး ပေးသွားပါတယ်။

اعْلَمُوا أَنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهُو وَزِينَةً وَتَفَاخُرُ بَيْنَكُمْ وَتَكَاثُرُ فِي الْأَمْوَالِ وَالْأَوْلَادِ كَمَثَلِ غَيْثٍ أَعْجَبَ الْكُفَّارَ نَبَاتُهُ ثُمَّ يَهِيجُ فَتَرَاهُ مُصْفَرًا ثُمَّ يَكُونُ حُطَامًا

​အလ္လာဟ်အရှင်မြတ်က ဒီလောကီဘဝကိုဘာကြောင့် "မိုးရေ" နဲ့ နှိုင်းယှဉ်ပြထားပါသလဲ-

​၁။ ခေတ္တခဏတာ တည်မြဲသော အလှတရား။

​မိုးရေဟာ တိတ်ဆိတ်စွာ ရောက်လာပြီး ခဏချင်းမှာပဲ အရာအားလုံးကို စိုပြေသွားစေတယ်။ လူတွေကို ပြုံးပျော်ရွှင်သွားစေတယ်၊ မြေကြီးတွေ နူးညံ့သွားတယ်၊ အပင်တွေလည်း စိမ်းလန်းလာတယ်။ မျက်စိကိုလည် အေးမြသွားစေသည်မှာ အမှန်ပင်ဖြစ်ပါတယ်။သို့သော် ထိုအလှတရားသည် အမြဲမတည်မြဲခြင်းပင် ဖြစ်ပါတယ်။ကျွန်တော်တို့ဘဝမှာလည်း ကျန်းမာရေး၊ ချမ်းသာမှုနဲ့ ပျော်ရွှင်မှုတွေဟာ မိုးရေလိုပဲ ခဏတာ ရောက်လာပြီး ပြန်ပြောင်းလဲသွားတတ်ပါတယ်။ ဒါဟာ တစ်ခုခုမှားနေလို့ မဟုတ်ပါဘူး၊ ဒါဟာ မိုးရေရဲ့ သဘာဝ (လောကကြီးရဲ့ သဘာဝ) မို့လို့ပါ။

​၂။ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ သတိပေးချက်။

​ကျမ်းတော်မြတ်ကုရ်အာန် (စူရဟ် အလ်-ဟဒီးဒ် ၅၇:၂၀) မှာ မိန့်ကြားထားတာက မိုးရေကြောင့် ထွက်လာတဲ့ အပင်တွေဟာ လယ်သမားတွေကို အရမ်းပျော်စေတယ်။ ဒါပေမဲ့ ကြည့်လိုက်ပါဦး... မကြာခင်မှာ အဲဒီအပင်တွေဟာ အဝါရောင်ပြောင်း၊ ခြောက်သွေ့ပြီး အမှုန်အမွှားတွေအဖြစ် ပျက်စီးသွားကြတယ်။ လောကီဘဝရဲ့ အောင်မြင်မှုတွေဟာလည်း ဒီအတိုင်းပါပဲ။

​၃။ မိုးရေဟာ အားလုံးအပေါ် တန်းတူရွာသွန်းတယ်။

​မိုးရေဟာ ကျေးဇူးသိတတ်သူအပေါ်ရော၊ ကျေးဇူးကန်းသူအပေါ်ရော၊ ယုံကြည်သူရော၊ မယုံကြည်သူအပေါ်မှာပါ တန်းတူရွာချပေးပါတယ်။ ဒါကြောင့် လောကီစည်းစိမ် ရှိနေတာဟာ အလ္လာဟ်အရှင်မြတ်က မင်းကို တန်ဖိုးထားတာ ဒါမှမဟုတ် နှိမ့်ချတာကို တိုင်းတာတဲ့ ပေတံမဟုတ်ပါဘူး၊ ဒါဟာ အားလုံးအတွက် "စမ်းသပ်ချက်" တစ်ခုသာ ဖြစ်ပါတယ်။

​၄။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးက ဘယ်လိုမြေမျိုးလဲ?

​မိုးရေကတော့ အတူတူပါပဲ၊ ဒါပေမဲ့ တချို့လူတွေက အဲဒီမိုးရေနဲ့ လှပတဲ့ ဥယျာဉ်တွေ စိုက်ပျိုးကြတယ်၊ တချို့ကတော့ မိုးရေထဲမှာ စိုရွှဲနေရုံပဲ သိကြတယ်။ တမန်တော်မြတ် (ﷺ) က လမ်းညွှန်ချက် ကို မိုးရေနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ မြေကောင်းရင် ရေကိုစုပ်ယူပြီး အပင်တွေ ပေါက်စေတယ်၊ ကျောက်ဆောင်ဆိုရင်တော့ ရေကို တွန်းထုတ်ပစ်ပါတယ်။ အဓိက ပြဿနာက မိုးရေမှာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ "လက်ခံနိုင်စွမ်း" မှာပဲ ရှိတာပါ။
​​မိုးရေက ကျွန်တော်တို့ကို ပေးတဲ့သင်ခန်းစာက-
​မိုးရေကို ခံစားပါ၊ အကျိုးရှိအောင် သုံးပါ။ ဒါပေမဲ့ အဲဒီမိုးတိမ်တွေကိုမတွယ်တာပါနဲ့၊လှည့်စားမခံပါနဲ့: (လောကီစည်းစိမ်ကို အမြဲတမ်းလို့ မထင်ပါနဲ့)။
မိုးစက်လေးတွေကို ခံစားပြီး အရာအားလုံးကို ကြီးထွားခွင့်ပေးပါ။ ဒါပေမယ့် ကိုယ့်ရဲ့ မျက်လုံးကိုတော့ ကောင်းကင် (အလ္လာဟ်အရှင်မြတ်) ဆီမှာပဲ အမြဲထားပါ။
ဘဝမှာ လှပတဲ့အရာတစ်ခု ရောက်လာရင် "ဒါဟာ မိုးရေပဲ၊ အမြဲငါ့အတွက်မဟုတ်ဘူး" လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ ကျေးဇူးသိတတ်ခြင်းက အဲဒီအရာကို ချိုမြိန်စေပြီး၊ အလွန်အကျွံ တွယ်တာမိရင်တော့ နာကျင်ရပါလိမ့်မယ်။

၅။ အလ္လာဟ်အရှင်မြတ်ထံ ကျေးဇူးတင်ချီးမွမ်းခြင်း။

နှစ်ဟောင်းတစ်ခုကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့ပြီး အသက်ရှင်သန်ခွင့် နောက်ထပ်တစ်နှစ် ရရှိတာဟာ အလ္လာဟ်အရှင်မြတ်ရဲ့ နေအ်မသ်(ကျေးဇူးတော်) တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် "အလ်ဟမ်ဒုလိလ္လာဟ်" လို့ ဆိုကာ မိမိရရှိခဲ့တဲ့ ကောင်းကျိုးအားလုံးအတွက် အရှင်မြတ်ကို ကျေးဇူးတင်ရပါမယ်။

၆။ မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ခြင်း။

နှစ်သစ်ဟာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ထက် မိမိရဲ့ လွန်ခဲ့တဲ့ တစ်နှစ်တာ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
ငါ ဘယ်လို အမှားတွေ လုပ်ခဲ့မိလဲ?
ငါ့ရဲ့ ဝတ်ပြုကိုးကွယ်မှု (အိဗာဒသ်) တွေမှာ ဘာတွေ လိုအပ်ခဲ့လဲ?
လူသားအချင်းချင်းအပေါ်မှာရော ငါ့ရဲ့ ကျင့်ဝတ်တွေ ကောင်းမွန်ခဲ့ရဲ့လား?

၇။ နောင်တရခြင်းနှင့် ခွင့်လွှတ်မှုတောင်းခံခြင်း။

နှစ်ဟောင်းက အမှားတွေအတွက် အရှင်မြတ်ထံမှာ "အစ်သစ်ဂ်ဖာရ်" လုပ်ပြီး နောင်တတရားနဲ့အတူ ခွင့်လွှတ်မှု တောင်းခံရပါမယ်။ အသစ်စမယ့် နှစ်မှာ အပြစ်ကင်းစင်တဲ့ အစပြုခြင်းမျိုး ဖြစ်အောင် ကြိုးစားတာဟာ မုစ်လင်မ်ကောင်းတစ်ယောက်ရဲ့ လက္ခဏာပါ။

၈။ ကောင်းမြတ်သော ရည်ရွယ်ချက်ထားရှိခြင်း။

နှစ်သစ်အတွက် ချမှတ်တဲ့အခါ အာခိရသ် (နောင်တမလွန်) အတွက်ပါ ရည်ရွယ်ချက်ထားပါ။ ဥပမာ -
ငါးကြိမ်ဝတ်ပြုမှုကို ပိုမိုစနစ်တကျ ဝတ်ပြုမယ်။
ကုရ်အာန်ကျမ်းတော်မြတ်ကို ပိုမိုဖတ်ရှုလေ့လာမယ်။
မိဘနဲ့ မိသားစုအပေါ် ပိုပြီး ကြင်နာမယ်။
ဒါန၊ သဒ္ဓါတရား ပိုမိုထက်သန်မယ်။

၉။ ဒိုအာပြုခြင်း။
မိမိအတွက်၊ မိသားစုအတွက်နဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင် (အွမ္မသ်) အားလုံး ဘေးအန္တရာယ်ကင်းဝေးဖို့၊ ငြိမ်းချမ်းဖို့နဲ့ လမ်းမှန်ရရှိဖို့ အလ္လာဟ်အရှင်မြတ်ထံမှာ ဒိုအာတောင်းခံရပါမယ်။ကျွန်တော်လဲအင်န်ရှာအလ္လာဟ် ဒီနေ့ညရဲ့နှစ်သစ်ကို မဒီနာရွှေမြို့တော်ရဲ့ ရိယာဇွလ်ဂျန္နဟ်အတွင်းမှာဝင်ရောက်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။အင်န်ရှာအလ္လာဟ် အားလုံးအတွက်ဒုအာလုပ်ပါ့မယ်။

🖋️ မုဖ်သီ မုဟမ္မဒ် အနတ်စ် (မဟ်မူဒီ အခ်သရီ)တာမွေ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon