Nexus Legal Service

Nexus Legal Service

Share

29/12/2025

လူတစ်ဦးတစ်ယောက် ကို လိမ်လည်တဲ့နေရာမှာ ဘယ်နည်းဘယ်ပုံနဲ့လိမ်လည်သလဲဆိုတဲ့အပေါ်မူတည်ပြီး ပြစ်မှု၊ ပြစ်ဒဏ်များ ကွာခြားသွားမှာဖြစ်ပါတယ်။ ဒါဆို ယနေ့ခတ် အတွေ့ရများလာတဲ့ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ကို ဘယ်အချိန်မှာ အသုံးပြုတရားစွဲဆိုနိုင်သလဲ၊ ဘာတွေကို ပြုလုပ်မိတဲ့အခါ ဤပုဒ်မအရ တရားစွဲဆိုခံရနိုင်သလဲ။ လောင်းကစားငွေနဲ့ပတ်သက်ပြီး လိမ်လည်မှုဖြစ်လာတဲ့အခါရော ဒီပုဒ်မနဲ့တရားစွဲဆိုနိုင်သလား။

ရာဇသတ်ကြီးပုဒ်မ ၄၂၀ မှာ အောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
"မည်သူမဆို လှည့်ဖြားခြင်းခံရသောသူအား တစ်ခုခုသောပစ္စည်းကို သူတစ်ဦးသို့ ပေးအပ်စေရန်သော်လည်းကောင်း၊ အဖိုးတန်စာတမ်းအမှတ်အသားအားလုံးကို သို့မဟုတ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ လက်မှတ်ရေးထိုးခြင်းသော်လည်းကောင်း၊ တံဆိပ်ခတ်နှိပ်ခြင်းသော်လည်းကောင်း ရှိသည်လည်းဖြစ်၍ အဖိုးတန်စာတမ်း အမှတ်အသားအဖြစ်သို့ ပြောင်းလဲနိုင်သည်လည်းဖြစ်သော အရာအားလုံးကို သို့မဟုတ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပြုစေရန် သို့မဟုတ် ပြင်ဆင်စေရန် သို့မဟုတ် ဖျက်ဆီးစေရန်သော်လည်းကောင်း ထိုလှည့်ဖြားခြင်းခံရသူအား လိမ်လည်၍ မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်လျှင် ထိုသူကို ခုနစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။" ဟု ပြဌာန်းထားပါတယ်။

အောက်ပါ အင်္ဂါရပ်များနှင့် အကျုံးဝင်ပါက ပုဒ်မ ၄၂၀ အရတရားစွဲဆိုနိုင်မှာဖြစ်ပါတယ်။

၁။ တရားခံသည် တစ်ဦးတစ်ယောက်အား လှည့်ဖြားခြင်း။

၂။ ယင်းသို့လှည့်ဖြားသဖြင့် ထိုသူက ပစ္စည်းတစ်စုံတစ်ရာကို သူတစ်ပါးအား အဖိုးတန် စာတမ်းအမှတ်အသားအဖြစ်သို့ ပြောင်းလဲနိုင်သည့် အရာဝတ္ထုကို ပြင်ဆင်ခဲ့ရခြင်း၊ ပြုခဲ့ရခြင်း၊ ဖျက်ဆီးခဲ့ရခြင်း။

၃။ မရိုးမဖြောင့်သောသဘောဖြင့် လှည့်ဖြားခြင်း။

📌ဒီပုဒ်မဟာ-

-ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိတယ်။

-အာမခံပေးလို့ရပါတယ်။

-ကျေအေးခွင့်မရှိပါဘူး။

📌 ပုဒ်မ ၄၂၀ အရ လိုအပ်သည့်အင်္ဂါရပ်များနှင့်ပြည့်စုံမှသာ ဤပုဒ်မနှင့်အရေးယူနိုင်မှာဖြစ်ပြီး ဤပုဒ်မအရ လိုအပ်သောအင်္ဂါရပ်နှင့် ပြည့်စုံခြင်းမရှိလျှင် သာမန်လိမ်လည်မှုဖြစ်တဲ့ ပုဒ်မ ၄၁၇ အရသာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ လိမ်လည်မှုတွင် မရိုးမဖြောင့်သောသဘောဖြင့် ပြုလုပ်ခြင်းသာ သက်ဆိုင်ပြီး လိမ်လည်စဉ်အချိန်က မတရားရယူခြင်းသော်လည်းကောင်း၊ မတရားဆုံးရှုံးခြင်းသော်လည်းကောင်း အကြံရှိသည်ဟု ထင်ရှားခြင်းမရှိပါက မရိုးမဖြောင့်သောသဘောနှင့် ပြုသည်ဟု မဆိုနိုင်၍ ပုဒ်မ ၄၁၇ အရသာ အပြစ်ပေးသင့်ကြောင်း စီရင်ထုံးများထုံးဖွဲ့ထားပါတယ်။ လိမ်လည်မှုဆိုတာ ဘာလဲ၊ ဘယ်လိုအချက်တွေက လိမ်လည်မှုဖြစ်သလဲဆိုတာကို ရာဇသတ်ကြီးပုဒ်မ ၄၁၅ မှာ အသေးစိတ်ဖော်ပြထားပြီးဖြစ်ပါတယ်။

📌 လူတစ်ဦးတစ်‌ယောက်က လိမ်လည်လှည့်ဖြားရာမှာ နည်းအမျိုးမျိုးသုံးစွဲနိုင်ပါတယ်။ ဒါဆို လောင်းက‌စားငွေနဲ့ပတ်သက်တဲ့အမှုကရော ဒီပုဒ်မအရ တရားစွဲဆိုခွင့်ရှိသလား။
[ဦးထီပါ ၂ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (၁၉၇၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ -၄၈] မှာ-
တရားမမှုများတွင် ပဋိညာဉ်အရ လောင်းကစားနှင့်ပတ်သက်၍ ပြုလုပ်သော ပဋိညာဉ်သည် ပျက်ပြယ်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ပြစ်မှုဆိုင်ရာအမှုများ၌ ယင်းပြဋ္ဌာန်းချက်သည် အကျုံးမဝင်သဖြင့် နွားလှည်းပြိုင်ပွဲအတွက် လောင်းကြေးငွေကို လိမ်လည်ရယူလျှင် ပုဒ်မ ၄၂ဝ အရ ပြစ်ဒဏ်ထိုက်သင့်သည်။" ဟု ဆုံးဖြတ်ထားပါတယ်။


📌 ဒီနေရာမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ရဲ့ လိမ်လည်ခြင်းနဲ့ ပုဒ်မ ၄၀၆ ရဲ့ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကလည်း တူမယောင်နဲ့ကွာခြားပါတယ်။ တခါတရံ အချင်းဖြစ်အကြောင်းအရာ အပေါ် မူတည်ပြီး ပုဒ်မ ၄၀၆ အရလား တရားစွဲဆိုရမည်လား၊ ပုဒ်မ ၄၂၀ အရ တရားစွဲဆိုရမည်လား ဒွိဟဖြစ်လာတတ်ပါတယ်။
ဦးအေးသိန်း နှင့် ပြည်ထောင်စုသမ္မ မြန်မာနိုင်ငံတော်ပါ ၂ (၂၀၁၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၇၇)မှာ-
ရာဇသတ်ကြီးပုဒ်မ ၄၀၆၊ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုနဲ့ ပုဒ်မ ၄၂၀၊ လိမ်လည်မှု ကွာခြားချက်ကို
ဖော်ပြထားပြီး မည်သည့်ပုဒ်မနဲ့ တရားစွဲဆိုသင့်ကြောင်း ဆုံးဖြတ်ထားပါတယ်။
ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုဆိုတဲ့နေရာမှာ လူတစ်ဦးတစ်ယောက်ကို ယုံကြည်လို့ ပစ္စည်းအပ်နှံထားပြီး ထိုလူဟာလဲ အပ်နှံထားတဲ့ပစ္စည်းကို ပစ္စည်းပိုင်ရှင်အား မည်သည့်သွေးဆောင်မှုမှ မပြုဘဲ အပ်နှံခံရသူထံ အလိုအလျောက် ရောက်လာပြီးမှ အပ်နှံခံရသူဟာ မရိုးမဖြောင့်တဲ့သဘောနဲ့ အလွဲသုံးစားပြုလုပ်လိုက်တာဖြစ်ပါတယ်။
ပုဒ်မ ၄၂၀ အရ လိမ်လည်မှုဆိုတာကတော့ အစတည်းက လိမ်လည်လှည့်ဖြားလိုတဲ့သဘောနဲ့ ပစ္စည်းပိုင်ရှင်ရဲ့ပစ္စည်း၊ ငွေ၊ စာရွက်စာတမ်း စသည်များကို သွေးဆောင်ပြီးလုပ်ဆောင်၊ ပြုပြင်၊ ပြောင်းလဲစေတာ ဖြစ်ပါတယ်။ ယင်းအမှုက ပုဒ်မ ၄၂၀ ရဲ့အင်္ဂါရပ်တွေနဲ့ကိုက်ညီပြီး ပိုမိုကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်နိုင်တာကြောင့် ဤပုဒ်မ ၄၂၀ ဖြင့်သာ တရားစွဲဆိုစေခဲ့ပါတယ်။

ဒါဆိုရင် ယနေ့ခတ်အတွေ့ရများလာတဲ့ 420 ဆိုတာ ဘာလဲ၊ ဘယ်လိုမျိုးကိုပြောတာလဲဆိုတာ ယေဘုယျ လေ့လာနိုင်လိုက်မယ်လို့မျှော်လင့်ပါတယ်။




#420

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00