YaZar Win Thit

YaZar Win Thit

Share

04/02/2023

ဆီးချိုထိန်းသိမ်းမှုမကောင်းလျှင်ဖြစ်ကိုဖြစ်တဲ့ ‌ကျောက်ကပ်ပျက်စီးရခြင်းအကြောင်း တစေ့တစောင်း

မြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ပျက်စီးမှုလည်း အဖြစ်များနေပြီး၊ တချို့မှာ နောက်ကျမှ သိရှိကာ ရောဂါဝေဒနာ ပိုခံစားရတာမို့၊ စောစောသိဖို့လည်း အရေးကြီးနေတယ်လို့ ဆီးချိုအထူးကုတွေက ထောက်ပြနေကြပါတယ်။

ဆီးချိုသွေးချိုရောဂါကနေ ကျောက်ကပ်ထိခိုက်ပျက်စီးစေရခြင်း အဓိက အကြောင်းရင်းကတော့ ဆီးချိုသွေးချိုကို ကောင်းကောင်းမထိန်းထားနိုင်တာကြောင့်၊ သွေးထဲသွေးချိုဓာတ် (ဂလူးကို့စ် သကြားဓာတ်) များပြီး သွေးကြောငယ်လေးတွေ ပျက်စီးကာ ကျောက်ကပ်ကို သွားရောက်ထိခိုက်တာပါ။

ဆီးချိုသွေးချိုကို ကောင်းကောင်းထိန်းထားနိုင်ဖို့က မနက်စောစော ဘာမှမစားသေးခင် ဆီးချိုတိုင်းကြည့်လျှင် သွေးထဲမှာ ဆီးချိုပမာဏက ၈၀-၁၃၀ mg/dl ( သွေး တစ် ဒက်ဆီလီတာမှာ သကြားပမာဏ (၈၀) ကနေ (၁၃၀) မီလီဂရမ် အတွင်း) ရှိနေရပြီး၊ အစာစားပြီး တစ်နာရီအတွင်း (သို့မဟုတ်) နောက်ပိုင်း နေ့လည်နဲ့ ညနေမှာ တိုင်းလျှင်လည်း သွေးထဲ ဆီးချိုပမာဏ ၁၈၀ mg/dl ထက် မကျော်ရပါဘူး။

ဒါ့အပြင် (၃) လ တစ်ကြိမ် သွေးနီဥထဲက သကြားဓာတ် (ဟီမိုကလိုဘင် အေဝမ်းစီ - HbA1c) ကို တိုင်းရာမှာလည်း (၇) ရာခိုင်နှုန်း မကျော်ရပါဘူး။

ဆီးချိုကြောင့် ကျောက်ကပ်နောက်ဆက်တွဲ ပိုထိခိုက်နိုင်သူတွေကတော့ ဆီးချိုသွေးချို ကောင်းကောင်းမထိန်းနိုင်သူတွေအပြင် မျိုးရိုးဗီဇရှိသူ (မိသားစုထဲ ဆီးချိုရောဂါ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါပါ ဖြစ်သူရှိခြင်း)၊ ဆေးလိပ်သောက်သူနဲ့ သွေးတိုးရောဂါပါ ဆီးချိုနဲ့တွဲရှိပြီး သွေးတိုးမထိန်းထားနိုင်သူတွေပါ။

ဆီးချိုအမျိုးအစား (၂) မျိုးရှိရာမှာ ဆီးချိုအမျိုးအစား (၁) ဖြစ်တဲ့ ငယ်ရွယ်စဉ်ကတည်းက ဖြစ်လာသူတွေမှာ အင်ဆူလင် (Insulin) ဆေးထိုးထိန်းပေမယ့် ထိန်းရခက်တတ်တာကြောင့် သုနေသနတွေအရ နောက် (၅) နှစ်ကနေ (၇) နှစ်အတွင်းမှာ ကျောက်ကပ်ထိခိုက်လာနိုင်ပါတယ်။

ဒါ့အပြင် လူကြီး (အထူးသဖြင့် အသက် ၄၀ ကျော်) တွေမှာ စဖြစ်တတ်တဲ့ ဆီးချိုအမျိုးအစား (၂) ကလည်း ရောဂါဖြစ်ကြောင်း သိတာနောက်ကျပြီး၊ ကျောက်ကပ်ရောဂါအပါအဝင် နောက်ဆက်တွဲရောဂါတွေ ဝင်လာပြီးကာမှ သိသူက သုတေသနေတွေအရ (၅၀) ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

စောစောသိနိုင်ဖို့ ဆီးချိုသွေးချိုရောဂါ ရှိထားပြီးသူတွေအနေနဲ့ အနည်းဆုံး (၆) လ တစ်ကြိမ် ဆီးစစ်ဖို့လိုပါတယ်။

အကြောင်းက ဆီးချိုကြောင့် ကျောက်ကပ် စတင် ထိခိုက်လာတာကို ဆီးထဲ အသားဓာတ် (Albumin အမျိုးအစား) အဏုစိတ်ပမာဏ ပါလာတဲ့အဆင့် (Microalbuminuria) ကို ဓာတ်ခွဲခန်းမှာ စစ်ကြည့်နိုင်လို့ပါ။

ဒီအစပိုင်း အဆင့်က လူနာခန္ဓာကိုယ်မှာ ဘာလက္ခဏာမှ မပြသေးပါဘူး။ ဒါပေမဲ့ အခုလို ဆီးစစ်ပြီး သိနိုင်လျှင်တော့ နောက်တဆင့်ဖြစ်တဲ့ ဒုတိယအဆင့် ကျောက်ကပ်ကို ပိုထိခိုက်လာတဲ့ ဆီးထဲအသားဓာတ် ကြီးမားစွာပါလာတဲ့အဆင့် (Macroalbuminuria) ထိ မရောက်သွားအောင် ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။

ဒီ ဒုတိယအဆင့်မှာတော့ ဆီးထဲမှာ အသားဓာတ်တွေပါလာတာကို မျက်စိနဲ့ စ သိနိုင်တာအပြင်၊ ကိုယ်ခန္ဓာမှာလည်း ဖောယောင်တာတွေ ခြေထောက်ကနေစဖြစ်ပြီး၊ မနက်မိုးလင်း မျက်လုံးတွေဖောယောင်တာ၊ မျက်နှာပါဖောလာတာတွေအထိ အဆင့်ဆင့်ဖြစ်လာတတ်ပါတယ်။

ဒီဒုတိယအဆင့်ကနေ ကျော်သွားလျှင်တော့ ကျောက်ကပ်လုံးဝပျက်စီးပြီး အလုပ်မလုပ်တဲ့ အဆိုးဆုံးအဆင့် (Chronic Kidney Disease၊ Chronic Renal Failure) ကို ရောက်သွားပါတယ်။

ဒီအဆိုးဆုံးအဆင့်မှာတော့ ကျောက်ကပ်အလုပ် မလုပ်နိုင်တာကြောင့် သွေးထဲကနေ အညစ်အကြေးတွေကို မစွန့်နိုင်တော့ဘဲ၊ သွေးမသန့်တော့တာကြောင့် လူနာက နေလို့မကောင်းတာ၊ ပျို.အန်တာ၊ အစာမစားချင်တာ၊ သွေးအားနည်းတာနဲ့ လှုပ်ရှားလျှင်မောလာတာတွေ အဆင့်လိုက် ဖြစ်လာပါတော့တယ်။

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon