IVORY Palace Pet Clinic
12/01/2026
Canine Parvovirus
(CPV/CPV2/Parvo)
ခွေးသွေးဝမ်းရောဂါ
၁။ သွေးဝမ်းရောဂါ
CPV သွေးဝမ်းရောဂါသည် ခွေးများတွင်အဓိကဖြစ်ပွားတတ်သည့် ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်သည်။ ကာကွယ် ဆေးထိုးနှံထားခြင်းမရှိသည့် တိ-များတွင် ဖြစ်ပွားလေ့ရှိပြီး ကြပ်မတ်သော ကုသမှု မပြုက သေနှုန်း ၉၀ ရာနှုန်းကျော် ရှိသည်အထိ ပြင်းထန်သော ကူးစက်ရောဂါ ဖြစ်သည်။ မြေခွေး၊ ဝံပုလွေ အစရှိသည့် ခွေးမျိုးနွယ်စုတွင် ဖြစ်ပွားလေ့ရှိသော်လည်း ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများသို့လည်း ကူးစက်ကျရောက်နိုင်သည်။ ခွေးငယ်များတွင် အဓိကဖြစ်ပွားပြီး အသက်အရွယ်မရွေး ကူးစက်ခံရနိုင် သည်။
၂။ ရောဂါပိုး
သွေးဝမ်းရောဂါကို CPV 1 နှင့် CPV 2 တို့ကြောင့် ဖြစ်ပွား စေသည်။ CPV 1 သည် ပိုးအပျော့စားဖြစ်ပြီး CPV 2 က ကူးစက်ခံ တိကို အသက်ဆုံးရှုံးသည်အထိ ပြင်းထန်စွာ တိုက်ခိုက်လေ့ရှိသည်။ ရောဂါပိုးသည် ပိုးသတ်ဆေး အများစုကို ခံနိုင်စွမ်းရှိပြီး၊ ရာသီဥတုဒါဏ်နှင် PH အပြောင်းအလဲကိုလည်း ခံနိုင်စွမ်းရှိသည်။ ရောဂါပိုးသည် လက်ခံကောင်၏
ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် Mitosis နည်းဖြင့် လျှင်မြန်စွာ ဆဲလကွဲ ပွားများပြီး သွေးဖြူဥဆဲလ်များကို တိုက်ခိုက်ခြင်းဖြင့် ကိုာ်ခံစွမ်းအား ကျဆင်းခြင်းကို ဖြစ်စေ သည်။ ထို့ကြောင့် ရောဂါကူးစက်မှုအစပိုင်းတွင် Leucopenia ကို တွေ့ရသည်။
၃။ ရောဂါကူးစက်ခြင်း
ရောဂါလက္ခဏာပြချိန်သည် ရောဂါပိုးကူးစက်ခံရပြီးနောက် ၃-၁၀ ရက်အတွင်း ဖြသ်ပေါ်လေ့ရှိသည်။ လက္ခဏာ မပြသော်လည်း ကူးစက်ခံကောင်မှ အခြား တိများသို့ ကူးစက်နိုင်သည်။ ရောဂါပိုးကို ရောဂါကူးစက်ပြီးခွေး၏ မစင်ကို
တိုက်ရိုက်ထိတွေ့ခြင်း၊ အစာခွက် ရေခွက်အပါအဝင် အသုံး အဆောင်ပစ္စည်းများမှတဆင့် ကူးစက်ခြင်း ခံရနိုင်သည်။ ရောဂါဖြစ် တိကို နမ်းရှုပ်မိခြင်းဖြင့်လည်း ကူးစက်စေနိုင် သည်။
၄။ ရောဂါလက္ခဏာများ
သွေးဝမ်းရောဂါလက္ခဏာများစွာအနက် အများစုမှာ - ဖျားနာခြင်း၊ မအီမသာဖြစ်ခြင်း၊ မှိုင်တွေခြင်း၊ အစားပျက်ခြင်း၊ မကြာခဏ အန်ခြင်း(အဝါရောင်အမြှုပ်)၊ ကိုယ်အလေးချိန် ကျခြင်း၊ အနံပြင်းသော သွေးဝမ်းသွားခြင်း (ရောဂါကူးစက်ခံကောင်များ၏ ၂၅ % တွင် သွေးဝမ်းသွားခြင်းလက္ခဏာ မပြတတ်ပါ)၊ ကိုယ်ပူ နိမ့်လွန်းခြင်း၊ ရေဓာတ်ခမ်းခြင်းတို့ ဖြစ်သည်။ ရေဓာတ်ခမ်းခြင်း၊ အန်ခြင်းတို့ကြောင့် Electrolyte inbalance ဖြစ်ခြင်း၊ ကိုယ်ခံစွမ်းအားကျဆင်းခြင်းကြောင့် နောက်ဆက်တွဲ ရောဂါများဝင်ရောက်ခြင်း၊ အူလမ်းကြောင်းပျက်စီးခြင်းကြောင့် သွေးနှင့် အသား ဓာတ်များ အူလမ်းကြောင်းအတွင်းစိမ့်ဝင်ပြီး သွေးအား နည်းခြင်း၊ အသားဓာတ်ဆုံးရှုံးခြင်း၊ သွေးဆိပ်တက်ခြင်းတို့ကို ဖြစ်စေသည်။ အူလမ်းကြောင်းမှ အာဟာရဓာ်များ စုပ်ယူမှုကို လျော့ကျစေသည်။ ခွေးငယ်များတွင် ရောဂါပိုးသည် ပြန်ရည်စနစ်နှင့် ရိုးတွင်းချဉ်ဆီကို ထိခိုက်စေခြင်းဖြင့် ကိုယ်ခံအားကို ကျဆင်းစေနိုင်ပြီး နှလုံးထိခိုက်မှုဖြင့် သေဆုံးစေနိုင်သည်။ ကူးစက်ခံတိသည် သွေးအားနည်းရောဂါ ရှိခဲ့ပါက ပိုမိုဆိးရွားစေပြီး အသက်သေဆုံးသည်အထိ ရောဂါကို ပြင်းထန်စွာ ခံစားရနိုင်သည်။
၅။ ရောဂါပုံစံ
သွေးဝမ်းရောဂါကို ပုံစံ ၂ မျိုး တွေ့ရတတ်သည်။
က) Parvo enteritis
ရောဂါအစပိုင်းတွင် အဖျားတက်မည်။ အစားပျက်လာမည်။ အဝါရောင်အမြှုပ်များ အန်မည်။ အနံးပြင်းသော သွေးဝမ်းသွားမည်။ ဆီး မကြာခဏသွားခြင်း၊ မငြိမ်မသက်ဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ Severe prolong capillary filling time, poor pulse quality တို့ တွေ့ရတတ်ပြီး နောက် ပိုင်းတွင် ကိုယ်အပူချိန် ကျဆင်းနေတတ်သည်။
Peripheral circulatory failure ကြောင့် သေဆုံးနိုင် သည်။
ခ) Parvo myocarditis
အသက် ၁၀ ပတ်သားအောက် ခွေးငယ်များတွင် အများဆုံး တွေ့ရသည်။ နှလုံးကြွက်သားများ ထိခိုက်မှုကြောင့် သွေးလှည့်ပတ်မှု ချွတ်ယွင်းပြီး သွေးလန့်သေဆုံးခြင်း (Cardiogenic shock)ကို ဖြစ်စေနိုင်သည်။ နှလုံးကြွက်သားရောင်ရမ်းခြင်း၊ ထပ်တိုးဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ခြင်းတို့ကြောင့် symptomatic T/ M & Intensive care လုပ်ရမည်။
၆။ ရောဂါအဆင့်များ
က) ရောဂါကူးစက်ခံရခြင်း
ရောဂါပိုးနှင့် ထိတွေ့သည့်နေ့ ဖြစ်သည်။
ခ) ရောဂါပျိုးချိန်အဆင့်
ထိတွေ့ပြီးနောက် ပထမ ၃-၅ ရက် (ဤအဆင့်တွင် ရောဂါဖြစ်လက္ခဏာများ ပြသလေ့မရှိပါ)
ဂ) ရောဂါလက္ခဏာပြအဆင့်
ကူးစက်ခံရပြီးနောက် ၅-၈ ရက်
ဃ) ရောဂါစစ်ဆေးတွေ့ရှိသည့်အဆင့်
ရောဂါစစ်ဆေးတွေ့ရှိချိန် စောလေလေ ကုသမှုအောင်မြင်နှုန်း မြင့်မားလေဖြစ်သည်
င) ကုသမှုခံယူသည့်အဆင့်
ဆောလျှင်စွာ ကုသမှုခံယူရမည်။
စ) နာလံထချိန်
ကုသမှုခံယူသည်မှ ရောဂါညြ့်ဝစွာပျောက်ကင်းသည်အထိ အချိန် ၄-၂၀ ရက်ထိ ကြာမြင့်နိုင်သည်။
၇။ ကုသခြင်း
သွေးဝမ်းရောဂါအတွက် တစ်ခုတည်းသော အထိရောက်ဆုံးကုသမှုဟူ၍ မရှိပါ။ အောင်မြင်စွာကုသမှုသည် ရောဂါ၏ ပြင်းထန်မှု၊ တိ ၏ အသက်အရွယ်နှင့် ဆောလျင်ထိရောက်စွာ ကုသနိုင်မှုတို့အပေါ် များစွာ မူတည်သည်။ ပြင်းထန်စွာရေဓာတ်ခမ်းခြောက်စေခြင်းနှင့် အူလမ်းကြောင်းထိခိုက်စေခြင်းတို့ကြောင့် CPV ကူးစက်ခံရသည်ဟု သံသယရှိလျှင် ချက်ချင်း ကုသမှုခံယူရမည်။ ရောဂါကူးစက်ဖြစ်ပွားနှုန်း မြင့်မားသည့်ဒေသနှင့်အချိန်တွင် မကြာခဏ အန်သည့်/ ဝမ်းသွားသည့် တိကို ရောဂါကူးစက်ခံရသည်ဟု မှတ်ယူ၍ လိုအပ်သော ရောဂါစစ်ဆေးမှုကို ပြုလုပ်ရမည်။
သွေးဝမ်းရောဂါ ကုသခြင်းသည် အထောက်အကူပြု ကုသခြင်းသာဖြစ်သည်။ ကုသမှုအများစုမှာ Symptomatic
T/M များဖြစ်သည့် Antiemetic/Ondansteron/CPZ နှင့် Broadspectrum antibiotics, analgesic, crystalloid fluid therapy တို့ ဖြင့် ကုသခြင်းဖြစ်သည်။
(Narcotic drugs များ အသုံးမပြုသင့်ပါ)
အန်သည့်ကြိမ်ရေနှင့် ပမာဏ၊ ကိုယ်အလေးချိန် (အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်)၊ ရေဓာတ်ခမ်းခြောက်မှုအဆင့်နှင့်
ဝမ်းသွားသည်တို့နှင့်ညီမျှသော Electrolytes. များကို တွက်ချက်၍ ပေးသင့်သည်။
ခွေငယ်များတွင် Stress cause hypogkycemia ဖြစ်တတ်သဖြင့် Glucose ကို ထပ်ဆောင်းထည့်သွင်းပေးနိုင်သည်။
Circulatory system ထိခိုက်မှုကြောင့် Sepsis ဖြစ်ပွားတတ်သဖြင့် Antibiotic Therapy လုပ်ရမည်။ (GI damage ကြောင့် IV/IM on. နိုင်သည်။ Dehydration ကို ကုသမှု မပြုရသေးပါက Aminoglycoside များ မပေးသင့်ပါ)
အဆက်မပြတ်အန်နေလျှင် Antiemetic drugs. များဖြင့်ကုသရမည်။ Restriction of intestibal contents, systemic complications, bacteria growth and movement တို့ဖြစ်နိုင်သောကြောင့် ယျေဘုယျအားဖြင့် Antidiarrhea drugs များကို မပေးသင့်ပါ။ မကြာခဏ အန်နေစဉ်အချိန်တွင်း ရေနှင့်အစာ ဖြတ်ထားရမည်ဖြစ်ပြီးအအန်ရပ်ပြီးနောက် ၁၂ - ၂၄ နာရီအကြာတွင် ပျော့ပြောင်းကျေညက်လွယ်ပြီး အဆီဓာတ်နည်းသောအစာနှင့် အရည်ကို တိုက်ကျွေးနိုင်သည်။
CPV positive. ဖြစ်ထားသည့်ခွေး၏သွေးရည်ကြည်ကို သွင်း၍ ကုသခြင်း(convelescent or hyper immuned serum)အချို့ ရှိသော်လည်း ထိရောက်မှုကို သုတေသနပြုထားသည့် သက်သေများ မရှိသေးပါ။
Plasma, Human albumin များဖြင့်ကုသခြင်းအတွက်လည်း ဘေးကင်းသည့် colloids များ မရရှိက colloid osmotic ကို မြင့်တက်စေနိုင်သည်။
ရောဂါကူးစက်ခြင်းခံရပြီး ၄ ရက်အတွင်း ထိရောက်သောကုသမှုခံယူနိုင်ပါက ရှင်သန်မှုနှုန်း မြင့်မားသည်ကို တွေ့ရသည်။
၈။ ကာကွယ်ခြင်း
သွေးဝမ်းရောဂါသည် တိကျသောကုသဆေး မရှိသည့်အတွက် ရောဂါကို ကာကွယ်ဆေး တိကျစွာထိုးနှံကာကွယ်ခြင်းနည်းသည်သာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ကာကွယ်ဆေးပုံမှန်ထိုးနှံခြင်းခံယူထားသည့် မိခင်မှ မွေးသည့်တိငယ်များတွင် မိခင်ထံမှ ရောဂါခံနိုင်စွမ်းကို ခွေးငယ်အသက် ၆ ပတ်သားအထိ ရရှိနိုင်သည်။ ထို့ကြောင့် ခွေးငယ်များကို အသက် ၆ ပတ်အရွယ်မှစတင်၍ ၃-၄ ပတ်ခြားတစ်ကြိမ်နှုန်းဖြင့် အသက် ၁၆ ပတ်သားအရွယ်ထိ အနည်းဆုံး ၃ ကြိမ် ထိုးနှံရမည်။ အသက် ၁၆ ပတ်နှင့်အထက်အရွယ်တွင် ကာကွယ်ဆေး စတင်ထိုးနှံပါက ၃-၄ ပတ်လျှင် တစ်ကြိမ် နှုန်းဖြင့် ၃ ကြိမ် ထိုးနှံရမည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ကာကွယ်ဆေးထိုးနှံခြင်း မပြုရ။ လေ့လာချက်များအရ နှစ်ပြည့် ကာကွယ်ဆေး Annual booster ထိုးနှံထားပြီးသည့် တိတွင် ၃ နှစ်ကြာထိ ရောဂါ ခုခံနိုင်စွမ်း ရှိကြောင်း တွေ့ရှိရသည်။
ပိုးရှင်ကာကွယ်ဆေးများသည် ရောဂါခုခံနိုင်စွမ်းကို ၃-၅ ရက်အတွင်း ဖြစ်ပေါ်စေနိုင်သည်။ သို့သော် မိခင်ထံမှ ရရှိသည့်ဘရောဂါခံနိုင်စွမ်းကျဆင်းချိန်နှင့် ကာကွယ်ဆေး ၃ ကြိမ် ပြည့်ဝစွာ ထိုးပြီးနောက် ခုခံစွမ်းအသစ် ပြန်လည်ရရှိချိန်မတိုင်မီအကြားတွင် ရောဂါပိုးဝင်ရောက် ကူးစက်မှုခံရနိုင်ကြောင်း သတိချပ်ရမည်။
ယခုအခါ စျေးကွက်အတွင်း အသက် ၆ ပတ် မပြည့်မီ ငယ်ရွယ်စဉ်ထိုးနှံနိုင်သည့် ကာကွယ်ဆေးများ၊ antibody ဖြင့် ကုသနိုင်သည့် ထိုးဆေးများကို အသုံးပြုနိုင်သော်လည်း ရောဂါကူးစက်နှုန်းမြင့်မားချိန်၊ ရောဂါပိုးပြင်းထန်ချိန်တွင် ရောဂါဝင်ရောက်ခြင်းနှင့် ခွေးငယ်လေးများ သေဆုံးမှု မြင့်မားလျက်ရှိခြင်းတို့ ကြုံတွေ့နေရလျက်ရှိသဖြင့် ထိရောက်သော ရောဂါကာကွယ်မှုဘအတိုင်းအဆများ အရေးတကြီးလိုအပ်လျက်ရှိဆဲ ဖြစ်သည်။
၉။ သွေးဝမ်းရောဂါနှင့် ပတ်ဝန်းကျင်
သွေးဝမ်းရောဂါသည် ကာကွယ်ဆေးပြည့်ဝစွာ စနစ်တကျထိုးနှံထားခြင်းမရှိသည့် တိများကို လျင်မြန်လွယ်ကူစွာဖြင့် ကူးစက်စေနိုင်သောကြောင့် မိမိ၏တိတွင် ရောဂါ စစ်ဆေးတွေ့ရှိခဲ့သော် အခြားတိများနှင့် ထိတွေ့မှု မရှိစေရန်နှင့် ပတ်ဝန်းကျင်ကို သီးသန့်ခွဲခြားထားရခြင်း ကို အသိပေးထါးရမည်။ ရောဂါပိုးသည် ပတ်ဝန်းကျင်ရာသီဥတု ပိုးသတ်ဆေးများနှင့် PH ပြောင်းလဲမှုကို ခံနိုင်စွမ်းရှိပြီး လများစွာ ရှင်သန်ကူးစက်စေနိုင်စွမ်းရှိသည်။ ရောဂါကူးစက်ရာ ပတ်ဝန်းကျင်ကို ချွတ်ဆေးဆေးရည် (Bleach power)ဖြင့် ပက်ဖြန်းပိုးသတ်ရမည်။ ရောဂါဖြစ်တိကို ရောဂါကင်းရှင်းသည်အထိ (၂၀-၂၅ ရက်ခန့်) သီးခြားခွဲခြားထားလျက် ကုသစောင့်ရှောက်ရမည်။
အချုပ်အားဖြင့်ဆိုရသော် သွေးဝမ်းရောဂါသည် ကာကွယ် ဆေး ပြည့်ဝစွာထိုးနှံထားခြင်းမရှိသည့် တိများကို လျင်မြန်ပြင်းထန်စွာ ကူးစက်သေဆုံးစေနိုင်သည့်အပြင် တစ်ခုတည်းသောကုသမှုဖြင့် ကုသရန် မရှိခြင်း၊ ကုသမှု အချိန်နှင့် ငွေ ကြေး ကုန်ကျမှု မြင့်မားခြင်းတို့ကြောင့် မိမိ၏ တိများကို ယင်းတို့၏ အသက်အရွယ်အရ လိုအပ်သော ကာကွယ်မှုများကို ပြည့်ဝစွာ ဆောင်ရွက်ထားမှသာ ဆုံးရှုံးထိခိုက်မှုကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။
IVORY PALACE PET CLINIC
ပေါင်းလောင်း(၃)၊ အထက (၃)မြောက်ဘက်ကပ်လျက်
ချယ်ရီလမ်းသွယ် ၊ပျဉ်းမနားမြို့
☎️ 09-797361511,09-256262588
09-751800573
15/10/2025
Shout out to my newest followers! Excited to have you onboard! Soe Darli, Min Zaw Aung, Kyaw Swe Myint, Swe Zin Tun, Win San, သားနှင့်သမီး, Yin Min Eain
15/10/2025
Pancreatitis in dogs (ဇာတ်သိမ်းပိုင်း )
ဖွေးဖွေးလေးရဲ့ မိဘများက
မိမိတို့ဆေးခန်းမှာဘဲ ဆက်လက်ကုသပေးဖို့
သဘောတူညီအပ်နှံခဲ့ပြီး
မိမိတို့ဖက်ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
ပြုစုကုသပေးပါ့မယ်လို့ ပြန်ကြားပြီးသကာလ
ဂျူနီယာ များက drip line တင်ဖို့ cannula insertion လုပ်ဆောင်ပေးနေစဉ်
တကယ်တော့ ဒီအခြေအနေမျိုးဟာ
ဆေးရုံတင် ကုသရမှာ
ကျနော်တို့က ဆေးခန်းဆိုတော့ ၂၄ နာရီဝန်ဆောင်မှုတော့ မပေးနိုင်ဘူးဗျာ
အဲတော့ မနက်ပြန် ညပြန်လာနိုင်ရင်တော့ လာပေးပါ
ခု ရေဓါတ်ဆားဓါတ် လိုအပ်မှုအတွက်
အကြောသွင်း ဆေလိုင်း ချိတ်ပေးပါမယ်
အစွမ်းထက်တဲ့ အအန်ပျောက်ဆေးရယ်
အနာအကျင် အရောင်အရမ်းသက်သာစေတဲ့ဆေးရယ်
အစာအိမ်ကို အကာအကွယ်ပေးမယ့်ဆေးရယ်
သက်ဆိုင်တဲ့ ပဋိဇီဝ ဆေးရယ် ထိုးပေးပါ့မယ်နော်
ခုလို အပြင်းအထန် အန်နေချိန်
၂၄နာရီ က ၄၈ နာရီ အတွင်း ပါးစပ်ကနေပြီး
ဘာအစာ မှ မကျွေးပါနဲ့နော်
အဲဒါက ပန်ကရိယ အနားရအောင် ကူညီရာရောက်ပါတယ် အိမ်ရောက်ရင်လည်း
သူ့ကို စိတ်အနှောင့်ယှက်ယှက်ကင်းကင်း
သက်တောင့်သက်သာ အေးအေးဆေးဆေးနေနိုင်အောင် ထားပေးပါနော်လို့ ညွှန်ကြားရပါတယ်
အဲ ဘယ်နှစ်ရက်လောက် ကုသ ရမလဲဆိုတော့
Recovery ဖြစ်ဖို့ကတော့ ကုသချက်အပေါ်မှာ
တုန့်ပြန်မှုကောင်းရင် နှစ်ပတ်သုံးပတ်လောက်ကြာတတ်တယ်
Complications တွေရှိလာခဲ့ရင်တော့
နည်းနည်းပိုကြာတတ်ပြီး ရလာဒ် လည်းမကောင်းတတ်ဖူးဗျာ
ရောဂါလက္ခဏာတွေ သက်သာလာတဲ့အထိ
လေးငါးရက်ဆက် နေ့စဉ် ဆေးသွင်းရပါမယ်
သက်သာလာရင်တော့
ဆေးချိတ်တာလျှော့ပြီး ဓာတ်ဆားရည် ရယ်
သောက်ဆေးရယ်
သူနဲ့သင့်တော်တဲ့ blind diet ရယ်တွဲပြီး ကုသပေးပါ့မယ်
ဒီနေ့တော့ ဆေးချိတ်တာလေးပြီးရင်
ပြန်နိုင်ပါပြီ
မနက်ဖြန် တော့ မနက်ကိုးနာရီလောက်လာပေးပါ
ဒါမှ မနက်ပြန်ညပြန် ဆေးချိတ်နိုင်မှာမို့ပါ
နောက် နေ့ မနက့် ကိုးနာရီခွဲ မှာတော့
အမျိုးသားဖြစ်သူ မပါဘဲ
အမျိုးသမီး တစ်ယောက်ဘဲ လာရောက်ပြသပါတယ်
မိမိတို့လည်း ဖွေးဖွေးလေးကို
အဖျားတိုင်း သွေးပေါင်ချိန် စမ်းသပ်ကြည့်တော့
ပုံမှန်သွေးပေါင်ချိန် နဲ့ အဖျားသွေးနဲနဲတော့ရှိနေပါသေးတယ်
အန်တာတော့ နည်းနည်းခြားသွားပါပြီတဲ့
မိမိတို့လည်း လိုအပ်တဲ့ ထိုးဆေး
အကြောသွင်းဆေးချိတ်ဆောင်ရွက်နေရင်း
ဒီနေ့တော့ အမျိုးသားကော ပါမလာပါလားဗျ
သူက ဘာအလုပ် လုပ်လဲဗျ
ဆရာဝန် လားဗျ လို့ စပ်စုမေးမြန်းတဲ့အခါ
ကုမ္ပဏီ မှာ အလုပ်များလို့ လိုက်မလာတာပါဆရာ
သူက ဆရာဝန် မဟုတ်ပါဘူး
သူ့အမေက မှ ဆရာဝန်ပါ
ဒါပေမယ့် သူအမေ နဲ့ငယ်စဉ်ကတည်းက
ဆေးခန်းလိုက်နေကြမို့
ဆေးပညာ ဝေါဟာရ တွေနဲ့ အကျွမ်းတဝင်ဖြစ်နေတာပါ
နောက်ပြီး သူက US မှာလည်း အနေကြာဖူး
ဟိုမှာလည်း ခွေးမွေးဖူး
သူ့ ကလေးတွေကို အရမ်းဂရုစိုက် အရမ်းချစ်
ငယ်ငယ်ကတည်းက train တာတွေလည်းလုပ်ပေးတတ်တယ်
ဒါပေမယ့် သူက ချစ်တာ ချစ်တတ်တာဆရာ
ကလေးတွေ နေမကောင်းရင် ကျမဘဲပြုစုရတာ
ကလေးတွေ နေထိုင်မကောင်းဖြစ်ရင်
ဘာလို့ဖြစ်ရတာလဲဆိုပြီး ကျမကို ရန်လုပ်ချင်သေးတာ
အဲ့ဒါကြောင့်
ပထမ ဆုံး ဆရာတို့ဆေးခန်းကို လာပြစဉ်က
ဟိုမေး ဒီမေး စုံစမ်းနေတာပါဆရာ
စိတ်မရှိပါနဲ့ ဆိုလာလို့
ရပါတယ်ဗျာ
Pet parent တွေရဲ့ စိုးရိမ်ပူပန်စိတ်ကို
ကျနော် နားလည်ပါတယ်
နောက်ပြီး သူက အမေရိက မှာ နေလာဖူးတော့
ဟိုနဲ့ယှဉ်ပြီး အားမလိုအားမရ ဖြစ်တာတွေ
ရှိနေခဲ့ရင်လည်း နားလည်ပေးနိုင်ပါတယ် လို့
ပြန်ဖြေကြားခဲ့ ရပါတယ်
ဒီလိုနဲ့
သုံးရက်မြောက်နေ့မှာတော့ အအန်ရပ်ပြီး
ချောကလက်ရောင်ဝမ်းပျော့ပျော့ကလေးတွေက
သွားနေဆဲ ဖြစ်ပြီး
လေးရက်မြောက်နေ့မှာတော့
အနာအကျင်တွေလည်း အတော်သက်သာပြီး
အတော်လေး လန်းလန်းဆန်းဆန်း ဖြစ်လာပါတယ်
အအန်လည်း ရပ်ပြီဆိုတော့
ဒီ ပိုက်ကို ဖြုတ်ပေးလို့ရမလားဆရာ
ကလေးက အဲဒါကြီးကိုကြည့်ပြီး
စိတ်ဆင်းရဲ နေတယ်ထင်လို့ပါ
ဆိုလာလို့ cannula ကို ဖြုတ်ပေးခဲ့ပါတယ်
သောက်ဆေးတွေကိုတော့ ပုံမှန်တိုက်ပေးဖို့နဲ့
ဓာတ်ဆားရည် ရယ်
blind diet အရည်ရယ်ကို
ပမာဏ နည်းနည်း နဲ့ ခဏခဏ တိုက်ပေးဖို့
Low fat diet နဲ့ ဖြစ်နိုင်ရင်
Ultra low fat diet များသာ ကျွေးဖို့
ညွန်ကြားခဲ့ပါတယ်
နောက်ရက်များမှာတော့ သက်သာလာကြောင်း
အမျိုးသားဖြစ်သူ ခရီးထွက်နေရပြီး
သူကလည်း ဇက်ကျီးပေါင်းကြောင့်
ကားမမောင်းနိုင်လို့ လာမပြတာပါလို့
ဖုန်းဆက်လို့
မိမိလည်း
recovery ကာလမို့ ညွှန်ကြားထားတဲ့အတိုင်း
ဂရုစိုက်ပြုစုပါလို့ အကြောင်းပြန်ရင်း
စိတ်အေးနေခဲ့ပါတယ်
ဒီလိုနဲ့
၁၀ ရက်ကျော်အကြာမှာ
ဖွေးဖွေးက ပြန်အန်နေပြီး ဝမ်းညိုညစ်ညစ်တွေလည်းသွားနေပြန်လို့ ဆိုပြီး
ဆေးခန်းတစ်ခါပြန်လာပြပြန်ပါတယ်
သက်သာနေပြီဆိုပြီး
စိတ်အေးနေတာ ဘယ်လိုဖြစ်ရပြန်တာလည်းဆိုတော့ ကောင်းနေ သက်သာနေတာဆိုပြီး
သူ့အဖေက သနားလို့ဆိုပြီး
အစာမာတွေကျွေးမိတာကနေ
ပြန်ဖြစ်လာတာ ဆရာ တဲ့ဗျာ
အဲဗျာ
ပန်ကရိယ ရောင်တာက stomach တို့
gallbladder တို့ကိုလည်း ရောင်စေတော့
အစာမာတွေကျွေးလို့ အဆင်မပြေသေးဘူးဗျ
အရင်လို ဆေးပြန်ချိတ်ရတော့မယ်ပြောပြီး
လေးရက်ဆက် ဆေးပြန်ချိတ်ရပါတယ်
ဒီလိုနဲ့ အအန်သက်သာပြီး
နောက်ရက်များမှာ သောက်ဆေးများ
အားဆေးများနဲ့ ကြက်သားဆန်ပြုတ်ကလေးကို
ဆေးထိုးပြွန်နဲ့ တိုက်းပေးပြီးပြုစုပေမယ့်
ဖွေးဖွေးလေးက အစာကို ငြင်းဆန်လာပြီး
တရက်ထက် တရက် တိုးမှိုင်လာလို့
Random blood glucose စစ်ဆေးကြည့်တော့
355 ဖြစ်နေလို့
အင်ဆူလင် 2unit ထိုးပေးခဲ့ရပါတယ်
အမျိုးသားဖြစ်သူက
ဘာဖြစ်လို့ ဆီးချိုတက်ရတာလဲ ဆရာလို့မေးလာလို့
ကျနော်ပြောခဲ့သလို complication တွေလာပြီပေါ့ဗျာ
ရောင်နေတဲ့ ပန်ကရိယ က အရောင်ကျသွားပေမယ့်
အနာရွတ် scar formation ဖြစ်ပြီး
သူ့လုပ်ငန်းတာဝန်ဖြစ်တဲ့
အင်ဆူလင်ကောင်းကောင်း မထုတ်နိုင်တော့လို့
ဖြစ်ရတာပါ
ဒါကလည်း ဖြစ်စက
နောက်ဆုံးပေါ်ဆေး fuzapladib sodium injection
ဒီမှာ မရှိလို့ မထိုးနိုင်ခဲ့လို့ဗျာ
အဲ့ဆေးက အတော်ကောင်းတယ်
သူတို့ဆီမှာတော့ သုံးကြတယ်
ပန်ကရိယ အရောင်အရမ်းရယ့်
ပန်ကရိယအင်ဇိုင်းစိမ့်ထွက်မှုကို တားနိုင်လို့
တခြားအင်္ဂါအစိတ်အပိုင်းတွေ
ရောင်ရမ်းမှုကိုတားနိုင်လို့
ဆေးရုံတက်ရတဲ့ရက် နည်းစေတယ်ဗျ လို့ ရှင်းပြတော့
ကျနော် သိတယ်ဆရာ
ကျနော် ဟိုမှာလည်း ကုဖူးတယ်
ဆရာပြောတဲ့ ဆေးက ဒေါ်လာ သုံးလေးရာတန်တယ်
ဒီလိုရောဂါမျိုးက lab test တွေ
အခြားစက်ကရိယာတွေနဲ့ စမ်းသပ်တာတွေရယ်
ဆေးရုံတင်ရတဲ့စားရိတ် ရယ်ဆို
ဒေါ်လာ ထောင်ဂဏန်းကြီးထိ ကုန်တယ်ဆရာ
insurance မထား ထားရင် မတတ်နိုင်ဘူး ဆရာ
ဒီမှာ ဆရာတို့ ရှိတာလေးနဲ့ ကျိုးစားကုသပေးတာ
ကျေးဇူးလည်းတင်ပါတယ်
အသိအမှတ်လည်းပြုပါတယ်
ဆရာလည်း စကတည်းက ရောဂါသဘာဝကို
ရှင်းပြထားပြီးမို့ သူ့ကံကိုယ့်ကံပေါ့ဆရာ
အဓိက ကတော့ သူသက်သက်သာသာလေး
ခံစားရဖို့ပါ လို့ အေးေအးဆေးဆေးပြန်ပြောလာပါတယ်
အဲ့လိုနဲ့
၃ရက်ခန့် အင်ဆူလင်နဲ့ ထိန်းပေးတော့
သွေးတွင်းသကြာဓါတ် ပုံမှန်ပြန်ဖြစ်လာ ပါတယ်
ဖွေးဖွေး အမေဖြစ်သူက
ဒါဆို ကျမတို့ဖက် ပါလာပြီလားဆရာ လို့မေးလာလို့
ငါးဆယ် ငါးဆယ် ပါဘဲဗျာ
အကယ်၍ သက်သာလာခဲ့သော်မှ နာတာရှည်ဖြစ်တော့မှာလို့
ရှင်းပြခဲ့ပါတယ်
ဘယ်တတ်နိုင်မလဲ ဆရာရယ်
သူ့အဖေ ကတော့ မြေကွက်ရှာ ဝယ်နေရဲ့
အခု အိမ်ကွက်က ဝိုင်းပြည့်အိမ်ပြည့် ဆောက်ထားလို့
သူ့ကလေး တိမ်းပါခဲ့ရင် မြေမြှုတ်စရာ အုတ်ဂူလုပ်စရာ
နေရာရှိအောင်လို့ တဲ့ ဗျာ
နောက်တရက်လည်း လာပြပါသေးတယ်
သွေးတွင်းသကြားဓါတ် ပုံမှန်
သွေးပေါင်ချိန် ပုံမှန်ပေမယ့်
ဖွေးဖွေးလေးက. အရမ်းအားနည်းနေပြီး
မျက်လုံးလေးတွေမှိတ်ပြီး အိပ်ချင်နေတဲ့ပုံမို့
အားမရတော့ပါ
စတင်ကုသခဲ့သည်မှ ၂၁ရက်မြောက်နေ့
ညနေ ၇ နာရီ လောက်မှာတော့
အမေဖြစ်သူက
ဖွေးဖွေးလေး ဆုံးသွားပြီ ဆရာ လို့
ငိုပြီးသတင်းပေးလာပါတယ်
ကျနော်လည်း စိတ်မကောင်းပါဘူးဗျာ ဆိုတော့
ရပါတယ် ဆရာ
ဆရာတို့လည်း တတ်စွမ်းသမျှ ကြိုးစားပေးတာ
ကျမတို့ လင်မယားနှစ်ယောက်လုံး
သိပါတယ် အသိအမှတ်ပြုပါတယ်
ကျေးဇူးလည်းတင်ပါတယ်
တော်သေးတယ် ဆရာရေ့
သူ့အဖေ ဒီနေ့ ဝိုင်းတကွက် ဝယ်ဖြစ်တယ်
ဖွေးဖွေးလေးကို အုတ်ဂူလေး သေချာလုပ်ပေးမှာဆိုလာလို့
ဟုတ်ပါခင်ဗျာ
ဖွေးဖွေးလေး ကောင်းမွန်ရာဘုံဘဝရောက်ဖို့
ဆုတောင်းပေးနေပါတယ်
ပြီးပါပြီ
အားလုံးကိုလေးစားစွာဖြင့်
Dr.Moore
14/10/2025
Pancreatitis in dog (Part 2)
ဖွေးဖွေး လေးကို
ညနေစာ (dinner ) စောစောကျွေးပြီး
ညစာ( supper) မကျွေးမိလို့ empty stomach ဖြစ်ပြီး အစာချေရည်တွေ ရဲ့
တိုက်စားလောင်ကျွမ်းမှုကြောင့်
မနက်စောစော တခါ နှစ်ခါ အန်တာမို့
သာမာန်အစာအိမ် ရောင်ရမ်းတာ လို့
ရောဂါခန့်မှန်းပြီး ဓါတ်ဆားထုပ် ရယ်
အစာချေရည်အက်စစ်ထုတ်ပေးမှုလျှော့စေတဲ့ ဆေးနဲ့. အအန်ပျောက်ဆေး ပေါင်းထားတဲ့ သောက်ဆေး၁၀ရက်စာ ပေးပြီး
အန်တာ ဝမ်းလျှောတာ အကြိမ်ရေစိတ်ပြီး
ပိုဆိုးလာရင် ပြန်လာပြဖို့ ညွှန်းပြီး နောက်
သုံးလေးရက်နေတော့
အန်တာ ဝမ်းလျှောတာတွေ ပြင်းထန်လာပြီး
အခြေအနေဆိုးလာလို့ ပြန်လာပြရတာ
တင်ပြပြီးပါပြီ
ဖွေးဖွေး လေးရဲ့ အခြေအနေက
စမ်းသပ်စားပွဲပေါ် တင်လိုက်တဲ့အခါမှာ
ခါးကလေးကုန်း နေပြီး
မသက်မသာ ဖြစ်နေတဲ့ အနေအထားတွေ့ရပါတယ်
ဝမ်းဗိုက်ကို နားကြပ်နဲ့ စမ်းသပ်တော့လည်း.
တွန့်တွန့်သွားပြီး နာကျင်မှုခံစားနေရတာ
သတိပြုမိပါတယ်
နှာခေါင်းတွေလည်း ခြောက်ပြီး
ရေဓာတ်ခန်းခြောက်မှုလည်း အတော်ဖြစ်နေပါတယ်
အဖျားသွေး တိုင်းကြည့်တော့လည်း
အဖျား ငွေ့ငွေ့ ရှိနေပါတယ်
ကျနော်စမ်းသပ်စစ်ဆေးကြည့်ရသလောက်
ဖွေးဖွေး လေးက ပန်ကရိယ ရောင်ရမ်းတာ
ခံစားနေရတာလို့
ကနဉီး ခန့်မှန်းရတယ်ဗျာ
အရင်တစ်ခါ လာပြတုန်းနဲ့
ခုတစ်ခါ ပြန်လာပြတဲ့ကြား
ဘာထူးခြားချက်တွေ သတိထားမိလဲ ဗျ လို့
မေးမြန်းမိတော့
ဟုတ်ဆရာ
ဆရာပေးတဲ့ဆေးတွေတိုက် တယ်
ညစာ အဆာပြေကျွေးပေးပေမယ့်
လန်းမလာဘူး သက်သာမလာဘူး ဆရာ
ချောင်လေးထဲမှာ ကုတ်ကုတ်လေးငြိမ်နေပြီး
ရေတွေ ထသောက်လိုက် အန်လိုက်နဲ့
ဖြစ်လာတာဘဲ ဆရာ
ဆရာတို့ဆီ ချက်ခြင်းပြန်မလာပြဖြစ်ပေမယ့်
သပြေကုန်းက ပြနေကြ ဆရာမ ဆီမှာတော့
ကလေး ကျောင်းကြိုရင်း ကြား နှစ်ရက်ဆက်ပြဖြစ်တယ်
ခုတော့ ဆရာမှာလိုက်တာ သတိရပြီးပြန်လာပြတာဆရာ
ဘာဖြစ်တာလဲ ဆရာ
ပန်ကရိယ ရောင်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆရာ
ဘာကြောင့်ဖြစ်တာလဲ
စိုးရိမ်ရလား ဆရာ ဆိုပြီး
ဖြေဖြေ မေးမေး တရစပ် လုပ်တော့တာဘဲဗျာ
ဆေးပညာ အခေါ်တော့ Pancreatitis
မြန်မာလိုတော့ မုန့်ချိုအိတ် ရောင်ရမ်းတာပေါ့ဗျာ
မုန့်ချိုအိတ် (ပန်ကရိယ) ဟာ
ခွေးကလေးရဲ့ အစာအိမ်နောက်ဖက် ကပ်ရက်တည်ရှိပြီး
အစာချေအင်ဇိုင်း နဲ့ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတဲ့
အင်ဆူလင်ထုတ်ပေးတဲ့ ဂလင်း တစ်ခုပေါ့ဗျာ
အဲဒီ အစာချေအင်ဇိုင်း ဟာ အစာအိမ်ထဲရောက်မှ
Active ဖြစ်ပြီး အစွမ်းပြရမှာ ဖြစ်ပေမယ့်
တခါတစ်လေ နောက်ခံအကြောင်းတွေပေါင်းစုမိရင်
လက်ထဲမှာဘဲ မိုင်းကွဲသလို
ပန်ကရိယ ထဲမှာဘဲ အစွမ်းပြပြီး
ပန်ကရိယဆဲလ်တွေကို ချေဖျက်ပြစ်လို့
ပန်ကရိယရောင်ရမ်းခြင်းရယ်
အခြားဆက်စပ် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုပါ ရောင်းရမ်းခြင်းကို ဖြစ်စေတတ်တယ်ဗျ
ပန်ကရိယ ရောင်းရမ်းတာ အရမ်းပြင်းထန်တဲ့ကေ့စ်တွေမှာ သိသိသာသာ ဖြစ်တဲ့ လက္ခဏာ တွေက
ရေ များများ ခဏခဏသောက်မယ်
အပြင်းအထန် အန်တာ
ခု ခင်ဗျားကလေးလို သွေးဝမ်းပြစ်ပြစ်တွေ(greasy stools) တွေသွားတာကြောင့်
ရေဓါတ်ခန်းခြောက်မှုတွေ ဖြစ်မယ်
ရောင်ရမ်းနေတဲ့ ပန်ကရိယကြောင့်
ဝမ်းဗိုက်ပိုင်းနာကျင်မှုခံစားရမယ်
အဲဒါ သက်သာဖို့ ကလေးက ခါးလေးကုန်းနေမယ်
ဖြေးဖြေးဘဲ လှုပ်ရှားသွားလာမယ်
ဆိတ်ငြိမ်ရာ ချောင်လေးထဲမှာ ခွေနေမယ်
တကယ့် classcial sign အနေနဲ့
ခွေးလေးဟာ ဝမ်းအလျားမောက်လျှက်နဲ့
နောက်ပိုင်းလေး မြှင့်နေပြီး
ရှေ့လက်နှစ်ခြောင်းက ရှေ့ကိုဆန့်ထုတ်ပြီး
အဲဒီအပေါ် ခေါင်းကလေး တင်ထားပြီး ငြိမ်နေမယ်
ကြည့်လိုက်ရင် ဘုရားရှိခိုးနေသလို
Prayer position ကို အများအားဖြင့်
ပိုင်ရှင်တွေ သတိထားမိတတ်ကြပါတယ်ဗျ ဆိုတော့
ဟား ဟုတ်တယ်ဆရာ
ကျနော်တို့ သတိထားမိတယ်လို့ ပြောပြီး
ပို သေချာအောင်
ဆရာတို့ ဘာစမ်းသပ်မှုတွေ လုပ်ပေးနိုင်အုံးမလဲ ဗျ
လို့ မေးလာ လို့
ဟုတ် ကျနော် အရင် ရှင်းပြပြီးသလို
ကျနော်တို့ ဆေးခန်းမှာတော့
Blood profile
Chemistry profile
Enzyme scanning တွေ ဆောင်ရွက်မစစ်ပေးနိုင်ပါဘူးခင်ဗျာ
Ultrasound scanning နဲ့ဘဲ confirmation
လုပ်ပေးနိုင်ပါ့မယ်
ကျနော်တို့ထက် စက်ကရိယာပိုပြည့်စုံပြီး
ပို တတ်ကျွမ်းနားလည်တဲ့ ဆေးခန်းကို
ပြောင်းရွှေ့ကုသချင်လည်း ကျနော် ရီဖားလုပ်ပေးပါ့မယ်လို့ ပြန်ဖြေခဲ့တော့
သူတို့ ခဏတာတွေသွားပြီး
အဲ့လိုဆိုလည်း
Ultrasound ကြည့်ပြီးစစ်ဆေးပေးပါဆရာ ဆိုလို့
Scanning လုပ်ကြည့်တဲ့အခါ
ပန်ကရိယ ဟာ လုံးဝန်းနေတဲ့ အနေအထားတွေ့ရလို့
အတော်ရောင်ရမ်းနေတဲ့ အနေအထားမို့
အထူးဂရုစိုက်ရပါမယ်
ပန်ကရိယအင်ဇိုင်းဟာ စိမ့်ထွက်လာပြီး
အနီးအနားရှိ အင်္ဂါအစိတ်အပိုင်းတွေကိုပါ
ကူးစက်ရောင်ရမ်းစေပြီး
အဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ သက်ဆိုင်ရာလုပ်ငန်းတာဝန်တွေ မဆောင်ရွက်နိုင်ဘဲ organ failure ဖြစ်ပြီး အခြေအနေပိုဆိုးကာ
အသက်အန္တရာယ် ရှိပါတယ် လို့ရှင်းပြတဲ့အခါ
ဟုတ်ပါဆရာ
ဆရာ တို့ကိုအပ်ပါတယ်
ဆရာတို့ဆေးခန်းမှာဘဲ ပြုစုကုသပေးပါဆရာ
အားကိုးပါတယ် လို့ ပြောပြလာလို့
စိတ်ချပါခင်ဗျာ
ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
ဂရုတစိုက်ပြုစုကုသပေးပါ့မယ်လို့
အားပေးစကားပြော ကြားရသော်လည်း
ပြင်းထန်လွန်းတဲ့ ရောဂါအနေအထားနဲ့
သဘောသဘာဝကြောင့် စိတ်ထဲမှာတော့
တထင့်ထင့်နဲ့ပါ
အားလုံးကို လေးစားစွာဖြင့်။
Dr.Moore
(ဆက်ရန်)
Photo credit _ pet MD
12/10/2025
Pancreatitis in dogs
မုန့်ချိုအိတ် ရောင်ရမ်းခြင်း ဟာ
ခွေးများတွင် ဖြစ်ပွားလေ့ များပြီး အသက်အန္တရာယ် ကို
များစွာ ခြိမ်းခြောက်နိုင်တဲ့ ပြင်းထန်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်
မိမိတို့ ဆေးခန်းမှာ လာရောက်ပြသလေ့ရှိတဲ့
ခွေးကလေးတွေ မှာ ရုတ်တရက် ဖြစ်ပွားတဲ့
acute pancreatitis ကို အတွေ့ရများပြီး
နာတာရှည် ဖြစ်တဲ့ chronic pancreatitis ကိုတော့
တွေ့ရှိရ နည်းပါတယ်
အချို့ ခွေးကလေးတွေက
ဖြစ်ပွားစ မှာ မိမိတို့ဆီ တိုက်ရိုက်လာရောက်ပြကြတာဖြစ်ပြီး
အချို့က နီးစပ်ရာမှာ ပြသပြီး
လက္ခဏာ တွေ တိုးပြီးပြင်းထန်လာလို့
စုံစမ်းမေးမြန်းပြီး လေးငါးရက်အကြာမှ
ရောက်လာကြတာဖြစ်ပါတယ်
အသက်အရွယ် မရွေး ထီးမ အချိုးကွဲပြားမှု မရှိ
ဖြစ်ပွားလေ့ရှိကြပြီး
အချို့ မျိုးတွေနဲ့ ကပြားတွေမှာတော့
ပိုပြီးဖြစ်ပွားလေ့ရှိကြပါတယ်
Miniature schnauzer „ Yorkshire terriers,
Cocker spaniel , Dachshaund, Poodles,
Sled dogs
အခြား Toy breed နဲ့ တယ်ရီယာအသေးမျိုးတွေမှာ
ပိုပြီးဖြစ်ပွားလေ့ရှိပါတယ်
မကြာသေးမှီ အရင်လပိုင်း တနေ့က
အသက် သုံးဆယ့်ငါး ခန့်
သက်လတ်ပိုင်း ဇနီးမောင်နှံ နှစ်ယောက်
ဖွေးဖွေး ဆိုတဲ့ အသက်ဆယ်နှစ်ရွယ်ခန့် chiwhawha လေး
အန်နေလို့ ဆိုပြီး လာရောက်ပြသခဲ့ကြပါတယ်
သူတို့က ရန်ကုန်မှာလည်း နေထိုင်ကြပြီး
ရန်ကုန်က ဆေးခန်းများ မှာလည်း
ပြသကုသမှုခံယူလေ့ရှိကြကြောင်း နှင့်
မိမိတို့ ဆေးခန်းမှာ ဘာတွေစစ်ဆေးလို့ရပါသလဲ လို့ မေမြန်းလာကြပါတယ်
ကျနော် တို့ ဆီမှာတော့ သွေး နှင့် ကိုယ်တွင်းဓာတုဓာတ်များ
ဟိုမုန်း ဓါတ်ခွဲစမ်းသပ်မှုများ မဆောင်ရွက်နိုင်ပါကြောင်းနှင့်
Test kit များဖြင့်သာ antigen /antibody စစ်ဆေးခြင်း
နှင့် ဆီးတွင်းဓါတ်များ စစ်ဆေးခြင်း
Ultrasound scanning ပြုလုပ်ခြင်း များနဲ့
ရောဂါလက္ခဏာ များဖြင့် တိုက်ဆိုင်စစ်ဆေးပြီး
ရောဂါကုသပေးခြင်းသာ ဆောင်ရွက်ပေးနိုင်ကြောင်း ဖြေကြားပေးခဲ့ပါတယ်
သူတို့ကြည့်ရတာ
ခွေးမျိုးစိတ် အတော်များများ ကို မွေးလေ့ရှိခဲ့ပြီး
မွေးသက်ကလည်းကြာ စိတ်ပါဝင်စားပြီး
ရှာဖွေလေ့လာထားတော့ ခွေးတွေရဲ့သဘာဝ
အမူအကျင့် အလေ့အထတွေ ကို
အတော်လေးကို ကျွမ်းကျင်မှု ရှိကြတာ တွေ့ရပါတယ်
ခုလည်း အဝါရောင် အန်ဖတ်လေးတွေကို
ဓာတ်ပုံယူလာပြီး ပြလို့
ဘယ်နှခါ အန်လဲဗျ
ဘယ်အချိန် အန်လဲဆိုတော့
နှစ်ရက်တော့ရှိပြီဆရာ
မနက်ပိုင်း ဘရိတ်ဖတ် မကျွေးခင် အန်တတ်ပါတယ်
နှစ်ကြိမ်လောက်ဘဲ ရှိပါသေးတယ် လို့
အမျိုးသမီးဖြစ်သူက အဖြေပေးပါတယ်
ဒင်နာ ကိုကော
ဘယ်အချိန် ကျွေးလေ့ရှိလဲဗျ လို့ မေးကြည့်တော့
ညနေ ၅ နာရီလောက် ကျွေးလေ့ရှိပါတယ် ဆရာလို့
ဖြေပါတယ်
ဟုတ် ပါပြီ ဗျာ
ညပိုင်းမှာ မအိပ်ခင် အဆာပြေ treat လေးတွေကော ကျွေးပေးသေးလားဆိုတော့
မကျွေးဖြစ်ဖူး ဆရာ ဆိုလို့
ဒါဆို empty stomach ဖြစ်ပြီး
အစာချေအက်စစ်တွေ များပြီး
အစာအိမ် နံရံတွေကို တိုက်စားနိုးဆွမှုတွေ ဖြစ်လို့
အန်တာ ပါ
အဖျားသွေးလည်း မရှိတော့
ပိုးတွေကြောင့် အစာအိမ် ရောင်တာလည်း
မဖြစ်နိုင်ပါဘူး
လိုအပ်တဲ့ ကုသမှုတွေ လုပ်ပေးပါ့မယ်
တိုက်ဆေးတွေလည်း ပေးလိုက့်ပါ့မယ်
ညပိုင်း ဆယ်နာရီလောက် မှာတော့
အဆာပြေ မုန့်လေးတွေ ကျွေးပေးပါလို့
ညွှန်ကြားခဲ့တော့
အမျိုးသား ဖြစ်သူက
သူတို့မျိုးနွယ်
တောခွေးတွေ ဝံပုလွေတွေဆို
နှစ်ရက်သုံးရက်နေမှ
အစာတစ်ခါ စားတာမဟုတ်လားဆရာ
အဆာပြေ ကျွေးဖို့ လိုပါ့မလားလို့
စောဒက တက်လာပါတယ်
ဟုတ်ပါတယ် ခင်ဗျားပြောတာ
ဟိုး အရင်က သူတို့ရဲ့ ancestors တွေဖြစ်တဲ့
Wild wolf တွေက carnivore တွေမို့
သားကောင်ကို ဖမ်းယူစားသောက်တဲ့အခါ
စိတ်ကြိုက်အဝ စားပြီး
နှစ်ရက်သုံးရက် အစာမစားဘဲ နေနိုင်ကြတယ်
နေလေ့ရှိပါတယ်
ခု က အိမ်မွေးယဥ်ပါးလာပြီး
အမူအကျင့်တွေလည်း ပြောင်းလာပြီ မို့
နောက်ပြီး သူတို့အစာေချရည်အက်စစ်က
လူတွေထက် သုံးဆပြင်းတာမို့
အစာကလည်း နည်းနည်းဘဲ စားလေ့ရှိတော့တာမို့
empty stomach ဖြစ်ချိန် နည်းအောင်
အဆာပြေ ကျွေးပေးဖို့ လိုကို လိုအပ်ပါတယ်လို့
ရှင်းပြရပါတယ်
ဟုတ်ပါပြီ ဆရာ
ထိုးဆေးကော ထိုးအုံးမှာလား
ဘာဆေးတွေ ပေးမှာလဲ မေးလာတာရယ်
သူတို့ကြည့်ရတာ
သူတို့ကလေးကို အချစ်ပိုပြီး အသားနာမှာစိုးလို့
ဆေးထိုးမခံချင်တာရယ်
အသုံးအနှုံးတွေ အပြောတွေကလည်း
ဆေးလောက အသိုင်အဝိုင်း ကထင်လို့
ရေဓာတ်ခန်းခြောက်မှုလည်း အနည်ငယ်ဘဲရှိလို့
ဆေးမချိတ် လိုရင်လည်း ရပါတယ်
ဓါတ်ဆားနဲ့ အစာခြေအက်ဆစ်ထွက်တာကို
လျှော့နည်းစေတဲ့ဆေးနဲ့ အအန်ပျောက်ဆေးတွဲထားတဲ့ ဆေးပေးလိုက်ပါ့မယ်
ညွှန်းထားတဲ့အတိုင်းသာ တိုက်ပေးပါ
တအား အန်နေတာ ဝမ်းတွေလျှောနေတာဖြစ်ရင်တော့ ပြန်ပြပေးပါ လို့မှာပြီး
၁၀ရက်စာ ဆေးညွှန်းပေးခဲ့ပါတယ်
ဒါပေမယ့်
နောက် သုံးလေးရက်ကြာတော့
chihuahua လေးရဲ့အမေက ဖုန်းဆက်လာပါတယ်
တန်ဆောင်တိုင်ရက်မို့ ဆရာတို့ဆေးခန်းဖွင့်ပါရယ်လာလို့ပါဆိုလာလို့
ဖွင့်ပါတယ်ခင်ဗျာ ဘာပြုလို့ပါလဲဗျ လို့ပြန်မေးတော့
ဖွေးဖွေးက မသက်သာဘူးဆရာ
ဆရာညွန်းထားတဲ့ဆေးလည်းတိုက်တယ်
အဆာပြေလည်း ကျွေးတယ်
ရေသောက်လိုက် ပြန်အန်လိုက်နဲ့
အတော်နှုံးနေပြီ ဆရာ
ညိုညစ်ညစ် ဝမ်းတွေလည်းသွားနေတယ် ဖြေလာလို့
လာခဲ့ပါဗျာ
ရိုးရိုးအစာအိမ်ရောင်တာဆို သက်သာရမှာ
ခုတော့ အခြားပြင်းထန်တဲ့ရောဂါဖြစ်နေလို့နေမှာ
စမ်းသပ်ပြီး ဖီဖိစီးစီး ကုသကြရအောင်လို့
ဖိတ်ခေါ်လို့
ဆေးခန်းကို ရောက်လာတဲ့အခါ
ရေဓါတ်အတော်ခန်းခြောက်နေပြီး
ခါးကလေးကလည်းကုန်း
မသက်မသာ မအီမသာနဲ့
မောပန်းနွမ်းနယ် ဖြစ်နေတဲ့ ခွေးကလေးကို တွေ့ရလို့ ပန်ကရိယ ရောင်တာတော့ဖြစ်နေပြီလို့
ကနဉီးခန့်မှန်းမိတော့
ခက်လို့ဖြင့်နေချေပြီ
ကလေးအသားနာမှာ စိုးလို့
ဆေးထိုးမှာကြောက်တဲ့ပိုင်ရှင်ရယ်
အကြောဆေး အသားဆေး အပြင်
ဆေလိုင်း ဆေးရည်ပါထိုးသွင်းကုသပေးဖို့
လိုအပ်တဲ့ ရောဂါရယ် တွေ့ကြပါလေပြီ လို့
စိတ်မောလူမော နေရပါလေပြီ
အားလုံးကို လေးစားစွာဖြင့်
ဆက်ရန်
06/10/2025
Ivory Palace Pet Clinic ၏ မိတ်ဟောင်း မိတ်သစ်များအားလုံး ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော်ဖြစ်ပါစေခင်ဗျာ 🎆🎆🏮🏮ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အေးချမ်းပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခင်ဗျာ 🕯️🕯️🙏🙏🙏
05/10/2025
𝗔𝗩𝗢𝗖𝗔𝗗𝗢 𝗧𝗢𝗫𝗜𝗖𝗜𝗧𝗬
တိရစ္ဆာန်များတွင် ထောပတ်သီး အစာအဆိပ်သင့်ခြင်း
ထောပတ်သီး၏ အသား၊ အစေ့၊ အရွက်နှင့် အပင်များသည် ကြွက်၊ ငှက်၊ ယုန်၊ မြင်း၊ နွား၊ ဆိတ်များနှင့် ခွေး၊ ကြောင် ကဲ့သို့ အခြားအိမ်မွေးတိရစ္ဆာန်များအတွက် အဆိပ်သင့်နိုင်သည်။
ထောပတ်သီးပင်၏ အသီးနှင့် အရွက် တို့တွင် ပါဝင်သော Persin (Persea americana) သည် မှိုသတ်နိုင်သည့် အာနိသင်ရှိပြီး ရင်သားကင်ဆာကုသရန် အသုံးပြုနိုင်ကြောင်း မကြာခင်က ရှာဖွေတွေ့ရှိခဲ့သည်။
အိမ်မွေးတိရစ္ဆာန်များအတွက် ထောပတ်သီးအန္တရာယ်
သတိပေးချက်
လူမဟုတ်သော တိရစ္ဆာန်များကို ထောပတ်သီး ကျွေးခြင်းကို လုံးဝရှောင်ကြဉ်သင့်သည်။ ထောပတ်သီး ကျွေးခြင်းကြောင့် သေစေနိုင်သည့် ဆေးပမာဏကို မသိရှိရသေးပါ။ တိရစ္ဆာန်မျိုးစိတ်ပေါ်မူတည်၍ အကျိုးသက်ရောက်မှု ကွဲပြားမှု ရှိပါသည်။
ထောပတ်သီးသည် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အဆုတ်နှင့် ရင်ဘတ်တွင် အရည်များစုပုံလာကာ အသက်ရှုရခက်ခဲပြီး အသက်ဆုံးရှုံးစေပါသည်။
နှလုံး၊ ပန်ကရိယနှင့် ဝမ်းဗိုက်တို့တွင်လည်း အရည်များစုပုံလာနိုင်သည်။ ထောပတ်သီးတွင် မြင့်မားသော အဆီပါဝင်မှုကြောင့် ပန်ကရိယရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
အဆိပ်သင့်ခြင်းလက္ခဏာများ
လက္ခဏာများမှာ အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖိစီးခြင်း၊ နှလုံးတစ်သျှူး တစ် ဝိုက်တွင် အရည်များစုပုံခြင်းနှင့် အသက်သေဆုံးခြင်း တို့ ပါဝင်ပါသည်။
ငှက်များသည် ဤအဆိပ်ဓာတ်ကို ပြီး ရောဂါလက္ခဏာများမှာ နှလုံးခုန်နှုန်း တိုးလာခြင်း၊ နှလုံးကြွက်သားများ ပျက်စီးခြင်း၊ အသက်ရှုကြပ်ခြင်း၊ မငြိမ်မသက်ဖြစ်ခြင်း၊ အားနည်းခြင်းလက္ခဏာများ တွေ့ရသည်။
အလွန်အကျွံ စားမိပါက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု (Asphyxia) တွေ့ရပြီးနောက် ၁၂ နာရီမှ ၂၄ နာရီအတွင်း သေဆုံးစေနိုင်သည်။
အရွက်ကိုစားသုံးပြီးနောက် ယုန်များတွင် နှလုံးခုန်မမှန်ခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ နို့တိုက်မိခင်ယုန်များတွင် ဘက်တီးရီးယားပိုးကြောင့် မဟုတ်
သည့် နို့အုံရောင်ရမ်းခြင်းနှင့် နှလုံးခုန် မူမမှန်ခြင်းတို့ ဖြစ်စေသည်။
အရွက် သို့မဟုတ် အခေါက်ကို စားသုံးပြီးနောက် နွား၊ မြင်းနှင့် ဆိတ်များတွင် ပါးစပ်ရောင်ခြင်း ဖြစ်တတ်သည်။
အထူးသဖြင့် ထောပတ်သီးအစေ့နှင့် အခွံများသည် တိရစ္ဆာန်များအတွက် အဆိပ်သင့်ခြင်း ပိုမိုဖြစ်စေတတ်သည်။ ထို့အတွက်ကြောင့် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို ထောပတ်သီးအစာကျွေးခြင်းမှ အထူး ရှောင်ကြဉ်ရန် လိုအပ်ပါသည်။
Crd # Veterinary Knowledge
03/10/2025
Pawrents တို့ ဆေးခန်းပြရက် အခက်အခဲ မရှိစေဖို့အတွက်
ဆင်စွယ်နန်းတော် ဆေးခန်းကို
သီတင်းကျွတ်ကာလမှာလည်း
ပိတ်ရက်မရှိ ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
PET CLINIC
ပေါင်းလောင်း(၃)၊ အထက (၃)မြောက်ဘက်ကပ်လျက်၊ ချယ်ရီလမ်းသွယ်၊ ပျဉ်းမနားမြို့ ၊နေပြည်တော်
09256262588
26/09/2025
Ivory palace Pet Clinic နှင့် antifreeze poisoning in dog
လွန်ခဲ့သော သုံးရက်က
ညပိုင်း ဆေးခန်းပိတ်ဖို့ ၁နာရီခန့်လောက် လိုတော့တဲ့အချိန်
မိမိတို့ဆေးခန်းကို နေမကောင်းတဲ့ခွေးလေးကုသချင်လို့
အိမ် ပင့်လို့ ရလားဆိုပြီး မေးလာတဲ့pet parent တစ်ယောက်ကို
မိမိ တို့ဆေးခန်း ရဲ့ အခြေအနေအရ
Home visit ဝန်ဆောင်မှု ပေးဖို့
အဆင်မပြေပါကြောင်း အဖြေပြန်ပေးတဲ့အခါမှာ
အာ့ဆိုရင် ဘယ်အချိန် ဆေးခန်းပိတ်လဲဆရာ
ခဏ စောင့်ပေးပါ
ခွေးကလေးကို ပြန်သယ်ပြီး လာပြချင်လို့ပါဆရာ ဆိုတော့
ရပါတယ်
ကျနော်စောင့်ပေးပါမယ်ဆိုတော့
ပြန်သွားပြီး
အိုးဝေလေးပေါ်ခွေးနက်လေးတကောင်တင်လာပြီး
ပြန်ရောက်လာပါတယ်
ခွေးကလေးက
အားအင်ကုန်ခမ်းပြီး ဒယီးဒယိုင်နဲ့
မတ်မတ်ကောင်းကောင်းမရပ်နိုင်ဖြစ်နေပြီး
ရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာ များလည်းတွေ့ရပါတယ်
ဘယ်လိုဖြစ်တာလဲဗျာ ဆိုတော့
အဆိပ်မိတာထင်တာဘဲဆရာ
တနေ့ကုန် အန်လိုက် ရေသောက်လိုက်ဖြစ်နေတာ
ခု အစာလည်းမစားနိုင်
မထနိုင် ဖြစ်လာလို့ လာပြတာပါတဲ့
မိမိလည်းစမ်းသပ်စားပွဲပေါ်တင်ပြီး
လိုအပ်တဲ့စမ်းသပ်မှုတွေလုပ်တဲ့အခါ
မျက်စေ့သူငယ်အိမ် ပုံမှန်တုန့်ပြန်မှု ရယ်
ကိုယ်အပူချိန် နိမ့်နေပြီး
အသက်ရှူနည်းနည်းမြန်နေတဲ့ လက္ခဏာ တွေရယ်နဲ့
ခေါင်းမထူနိုင်ဖြစ်နေတာတွေ့ရပြီး
ပါးစပ်က သွားရေတမြားမြားကျတာတော့
မတွေ့ရတော့ပါဘူးခင်ဗျာ
ဒါနဲ့ ပိုင်ရှင့်ဖက်လှည့်ပြီး
အဆိပ်မိတယ်လို့ပြောရအောင်
ဒီရက်ပိုင်းအတွင်း စည်ပင်က အဆိပ်ချတာတွေ့လား
အခြားခွေးတွေရော အဆိပ်မိတာတွေ့လားဆိုတော့
အဲ့လိုတော့ မတွေ့မိဘူးဆရာ
ဒါပေမယ့် အကောင်းကြီးကနေ ရုတ်တရက် ဖြစ်တာဆိုတော့
အဆိပ့်မိတာများလို့ ထင်မိလို့ပါဆရာ
ကျနော်က ဘောဂသီရိကားဝင်းထဲမှာ
ကားကြိးဝပ်ရှော့လုပ်ပါတယ်ဆရာ
ဒီကလေးက လိမ်မာတယ်ဆရာ
ခြံကိုလည်းကောင်းကောင်းစောင့်ပေးတယ်
မနေ့ည မိုုးချုပ်မ်ှာ စဖြစ်တာဆရာ
မနက်ဖက်ကြတော့လည်း အလုပ်မအားလို့
ခုမှလာပြရတာပါဆရာ
ကောင်းအောင်ကုပေးပါအုံးဆရာ ဆိုပြီး
အားကိုးတကြီး တောင်းဆိုလာပါတယ်
အဲ့အချိန် မှာဘဲ ခွေးမလေးက
စိမ်းပြာပြာ အရည်တွေ နဲ့အဖြူနှစ်တွေရောရာ
အန်ချလာလို့ စမ်းသပ်စားပွဲပေါ်ကနေ တခြားစားပွဲပြောင်းပြီး
ဆေးပုလင်းချိတ်ဖို့ ဆောင်ရွက်နေစဉ်မှာဘဲ
ရောဂါ အမည်တပ်နိုင်ဖို့ စဉ်းစားနေမိပါတတယ်
အလွန်အမင်းအော့အန်တော့ မုန့်ချိုအိတ်ရောင်ရမ်းတာလား
အန်တဲ့အရည်တွေက ဘာလို့သည်းခြေအိတ်အရောင်
စိမ်းပုတ်ပုတ်တွေဖြစ်မနေဘဲ ကြည်ပြာစိမ်းဖြစ်နေရေတာလဲ
ခု ဖြစ်နေတဲ့ ထူးဆန်းထွေလာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့်အန်တာဆိုရင်
အဖြူရောင် အမြှုပ်တွေဖြစ်ရမှာ
စဉ်းစားပေမယ့် အဖြေမထွက်ဖူးဖြစ်နေတယ်
ဒါပေမယ့် ရေဓာတ်ဆားဓာတ် အတွက်
Fluid threapy က မဖြစ်မနေပေးရမှာမို့
အအန်ပျောက်ဆေး ထည့်ပြီး ဆလိုင်းချိတ်ဖို့လက်ကိုင်တဲ့အခါမှာ
အရေပြားက အေးစက်နေတာသိလိုက်ရပါတယ်
ဒါမျိုးအရေပြားကို ဆိုင်ယင်နိုုက်အဆိပ့်သင့်တဲ့
ကျွဲနွား တွေမှာ တွေ့ဖူးတော့
အဆိပ်တစ်ခုခုတော့ သင့့််နေပြီဆိုတာ
စတွေးမိလာပါတယ်
အဲ့လို ဆေးချိတ်စမှာဘဲ
အဲ့ကလေးပိုင်ရှင်ထံ သူနဲ့လုပ်ဖော်ကိုင်ဖက်က
မြစ်သားရောက်နေတာကနေ ဖုန်းဆက်လာတဲ့အခါ
ငါ ကုလားမ နေမကောင်းလို့ ခုဆေးခန်းမှာာပြနေရတာ
ဆရာဝန်က ရောဂါရှာဖွေတုန်း
ခုတော့ဆလိုင်းချိတ်ထားတယ်ဆိုတော့
ဟာ အာ့ဆို ဆရာဝန့်ကိုပြောလိုက်အုံး
ဆိုင်မလားတော့မသိဘူး မနေ့က ကုလားမ
ကူးလန့် Coolant တွေသောက်နေတာ ငါမြင်တယ်လို့
လှမ်းပြောတယ်လို့
မိမိကို သတင်းပေးလာလို့
မိမိလည်း ဟာ ဟုတ်ပြီဗျာ
ကျနော်အဖြေတွေ့ပြီ
ခင်ဗျားကလေးခံစားနေရတာ
ကူးလန့်အရည်ထဲမှာပါတဲ့
Ethylene glycol အဆိပ်သင့်တာဗျ
အလာကောင်းပေမယ့်အခါနှောင်းပြီဗျ
ခု ဖြစ်တာ ၂၄နာရီ နီးပါးဆိုတော့
အတော်နောက်ကျသွားပြီ
သိသိချင်းဆို ဟိုက်ဒြိုဂျင်ပါအောက်ဆိုက် နဲ့
အန်အောင်လုပ်လို့ရတယ်ဗျ
ကိုယ်အလေးချိန် တစ်ကီလို တိုင်းအတွက်
လ္ဘက်စားဇွန်း တစ်ဇွန်းနှုန်း နဲ့
၁၀မိနစ်ခြား တစ်ခါ
အများဆုံး ၃ကြိမ်တိုက်ပြီး အန်အောင်လုပ်ရတယ်ဗျ
ငါးနာရီအတွင်းဆိုနောက်ထပ်စုတ်ယူမှုတွေရပ်တန့်အောင်
Activated Charcol ဆေးမီးသွေးမှုန့်အရည်
တိုက်ပေးရတယ်
ကူးလန့် အဆိပ်သင့်ခြင်းမှာ
အဆင့် ၃ ဆင့် ရှိတယ်ဗျ
ပထမ အဆင့်က
သောက်မိပြီး နာရီဝက်ကနေ ၁၂နာရီအတွင်း
အာရုံကြောတွေ ထိခိုက်တဲ့အဆင့်
ဒုတိယအဆင့်က
သောက်မိပြီး ၁၂နာရီကနေ ၂၄နာရီအတွင်း
နှလုံးနဲ့အဆုတ်တွေကို ထိခိုက်တဲ့ အဆင့်နဲ့
နောက်ဆုံးတတိယအဆင့်က
သောက်မိပြီး၂၄နာရီကနေ ၇၂နာရီအတွင်း
ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းထိခိုက် ပြီး
ရာနှုန်းပြည့်နီးပါးသေကြေကြရတာဗျ
တကယ်တော့
ကူးလန့်မှာပါတဲ့ Ethylene glycol ဆိုတဲ့
ဓာတုဆေးရည်က သူကိုယ်တိုင်အဆိပ်တော့မဟုတ်ဖူးဗျ
သောက်မိရင် ပထမ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေတယ်
နောက်ပြီး အသည်းဆဲလ်ထဲမှာ ဓာတ်ပြုပြီး
ကျောက်ကပ်ပျက်စီးစေတဲ့ ဘေးထွက်ပစ္စည်းတွေကြောင့်
ဆီးမသွားနိုင်ဖြစ်ပြီး သေရတာဗျ
ဗျာ ဖြေဆေးမရှိဘူးလားဆိုတော့ရှိတယ်ဗျ
ဒါပေမယ့်
သိသိချင်း စောနိုင်သမျှ စောထိုးနိုင်မှထိရောက်မှူရှိတာ
ကျနော်တို့ နိုင်ငံမှာ တင်သွင်းသလား
စျေးကွက်ထဲရှိလား ကျနော်အသေအချာမသိဘူး
အဲ့ ဖြေဆေးfomepizole ထိုးဆေးက အတော်စျေးကြီးတယ်
ဒေါ်လာ ထောင်ဂဏန်း နီးပါးရှိတယ်
ကျနော်တို့ လက်လှမ်းမမှီနိုင်ဘူး
အဲ့ဆေး အချိန်မှီပေးနိုင်ရင်တော့
သက်သာရာ ရနိုင်တယ်
Haemodialysis ဆိုတဲ့ သွေးတွင်းကနေအဆိပ်ဓာတ်တွေ
ဖယ်ရှားတဲ့ ငွေကုန်ကြေးကျများတဲ့ အလုပ်လည်းရှောင်ရှားနိုင်တယ်ဗျ
ဗျာ ဒီမှာ ကျနော်တို့ မလုပ်ပေးနိုင်ဖူးဗျ
စက်ကရိယာလည်းလိုတယ်
ခင်ဗျားတို့နားလည်အောင်ပြောရရင်
လူတွေအတွက် ကျောက်ကပ်ဆေးစက်လို ဟာဗျာ
တစ်ပတ်ကို ၃ခါလောက်လုပ်ရတယ်
သူလည်း ငွေကုန်များတယ်တဲ့
တစ်ခါဆေးရင် ဒေါ်လာထောင်ဂဏန်းဘဲတဲ့
သူတို့ဆီမှာတောင်
ဆေးရုံ ဆေးခန်းတိုင်းမှာ အကုန်မလုပ်နိုင်ဘူးတဲ့
ပစ္စည်းကရိယာနဲ့ ကျွမ်းကျင်ဆရာဝန်ပြည့်စုံတဲ့
ဆေးရုံတွေမှာလုပ်နိုင်တာတဲ့
အဲ့လိုနဲ့မှမသက်သာရင် ကျောက်ကပ်အစားထိုးကုသကြတယ်တဲ့ဗျ
ဟား သူတို့ဆီက ပိုင်ရှင်အားလုံးလည်း မတတ်နိုင်ကြပါဘူး
ဒါပေမယ့်
သူတို့က သူတို့ကလေးတွေအတွက်ကျန်းမာရေးအာမခံထားကြတော့
အဲ့စံနစ်က ထောက်ပံ့ပေးတယ်ထင်တယ်ဗျ
ကျနော်လည်း အသေအချာတော့မသိဘူး လို့ ရှင်းပြပြီး
ခင်ဗျားတို့လည်း နောင်မဖြစ်ရအောင်
ကူးလန့်ထည့်တာလှယ်တာကို မဖိတ်အောင်လုပ်ကြဖို့ရယ်
ဖိတ်ရင်လည်း သဲဖုံးတာတို့ လွှစာမှုန့်ဖုန်းတာတို့ လုပ်ဖို့ရယ်
ကူးလန့်က ချိုတဲ့အရသာ ရှိလို့
တမင်တကာ မသောက်မိအောင်
ပုံးနဲ့ခွက်နဲ့ ခံထားရင်လည်း လုံခြုံအောင်အဖုံး ဖုံးထားဖို့
အိမ်သာကျင်းလိုဟာထဲ စနစ်တကျစွန့်ပစ်ဖို့ ပညာပေးရင်း
မိမိတို့ ဆေးခန်းကို လာပြရင်း
အရင်ကဆို ခဏခဏကြုံရတယ်
ဝပ်ရှော့က ခွေးတွေ ဘာရောဂါမှန်းမသိဘဲ
တရက်နှစ်ရက်အတွင်း သေ သေသွားကြတာဆိုတဲ့
ဝပ်ရှော့ဆရာများရဲ့ ညည်း ချင်းကို နားလည်မိသလိုဖြစ်ပြီး
ခု ကုလားမလေးကိုလည်း ဆေးချိတ်ပေးပြီး
ခေါင်းလေးအနည်ငယ် ထူလာနိုင်ပေမယ့်
ဆေးမီးသွေးမှုန့်ဆေးရည် တိုက်ဖို့ပေးပြီး
အကယ်၍ မနက်ဖြန် သူရှိနေသေးရင်
မနက် ၉ နာရီဆို ကျနော်တို့ဆေးခန်းဖွင့်ပါပြီ
စောစော လာခဲပါလို့အမှာပါးခဲ့ပေမယ့်
ရောက်မလာနိုင်တော့ပါခင်ဗျား
အားလုံးကို လေးစားစွာဖြင့်
Dr.Moore
Ivory Palace Pet Clinic
Click here to claim your Sponsored Listing.
Category
Website
Address
Pyinmana
Opening Hours
| Monday | 07:00 - 20:00 |
| Tuesday | 07:00 - 20:00 |
| Wednesday | 07:00 - 20:00 |
| Thursday | 07:00 - 20:00 |
| Friday | 07:00 - 20:00 |
| Saturday | 07:00 - 20:00 |
| Sunday | 07:00 - 08:00 |