Enzo
24/09/2025
2024 ရဲ့ဒုတိယနှစ်ဝက်မှာ မေမြို့ကိုတလတခေါက်တော့အနည်းဆုံးရောက်ဖြစ်ခဲ့တယ်… ဆောက်လက်စ အနီးစခန်းအိမ်အပြီးသတ်ဖို့ ဖေဖေနဲ့မေမေတို့ ဆောက်လက်စအိမ်နားက တည်းခိုခန်းတခုမှာ တလသွားနေပြီး အိမ်ဆောက်တာအပြီးသတ်တဲ့အထိ အနီးကပ်ကြီးကြပ်ပေးခဲ့ကြတယ်… အနီးစခန်းအိမ်ဆောက်ပြီးတဲ့အချိန်မှာ မေမြို့ကိုခါတိုင်းထက်ပိုရောက်ဖြစ်ခဲ့ပြီး ဖေဖေ့ညီ ဦးလေးဦးဟန်ညွန့်ကလည်း အနီးစခန်းအိမ်နဲ့မနီးမဝေးမှာနေတာဆိုတော့ မေမြို့နဲ့ အနီးစခန်းက second home လိုမျိုးလေးခံစားလာရတော့တယ်…
27 Aug 2024 မှာ မေမြို့သစ္စာတောင်ဆရာတော်က ကျောင်းရေစက်ချဖိတ်လို့ ဖေဖေမေမေတို့နဲ့ မေမြို့သွားခဲ့တယ်… ဆွမ်းကပ်တဲ့ကျောင်းအမက ဆရာတော်ရဲ့တပည့်မတယောက်ဆိုတော့ ဆရာတော်ကသူရင်းနှီးတဲ့သူတွေကို အလှုလာဖို့ဖိတ်လို့ ရောက်လာခဲ့ကြတာ… ကျောင်းအမက မသန်မစွမ်းပုဂ္ဂိုလ်ဖြစ်ပြီး သူ့ရဲ့မိဘတွေကလည်းမရှိတော့ဘူးတဲ့… သူဆောက်လှုထားတဲ့ကျောင်းကိုသွားကြည့်ကြပြီး မေမေနဲ့မြို့ထဲထွက်ခဲ့ကြတယ်… ဖေဖေကတော့ ဆရာတော်နဲ့ကျောင်းမှာနေရစ်ခဲ့တယ်…
ဆွမ်းကပ်ကအပြန်မှာ မရောက်ဖူးသေးတဲ့ Carino cafe ကိုမေမေနဲ့သွားခဲ့ကြတယ်… သူ့ဆီက cold brew က rotate လုပ်လို့ရတဲ့ whiskey glass လေးနဲ့တိုက်တာ… ဆိုင်လေးကမှန်ပြတင်းပေါက်အကြီးကြီးနဲ့လှပါတယ်… မေမေ့အတွက်ဒိန်ချဉ်မှာပေးပြီး ချိုလို့မေမေကမသောက်နိုင်လို့ ဒိန်ချဉ်တွေယူသောက်ပေးခဲ့ရသေးတယ်… ဆိုင်ထဲကနေ မှန်ပြတင်းပေါက်အကြီးကြီးရဲ့အပြင်ဘက်ကိုကြည့်ရင် ချယ်ရီပင်လေးတပင်ရှိတော့ ချယ်ရီပွင့်တဲ့ရာသီဆို ဆိုင်ထဲကကြည့်ရင်အရမ်းလှမှာလို့တွေးမိပြီး ချယ်ရီပွင့်တဲ့အချိန် ဒီဆိုင်ကိုထပ်လာဦးမယ်လို့ မှတ်ထားလိုက်မိသေးတယ်… အပြန်မှာ ဖေဖေ့ဖို့ ကိတ်မုန့်လေးတစိတ်ပါဆယ်ဝယ်ခဲ့ကြတယ်…
Carino cafe ကအပြန်မှာ ပန်းတော်ဝင် cafe ကိုဝင်ခဲ့ပြီး မေမေက ဇင်းမယ်လုံချည်တွေကြည့်လာခဲ့တယ်… ပန်းတော်ဝင်ကနေ အပင်လေးတပင်ဝယ်လာခဲ့တယ်… ပန်းတော်ဝင်မှာအဲ့အပင်လေးကိုတွေ့တော့ Jul 2020 ပဲခူးရိုးမတောင်စခန်းကအပြန် tropical အပင်တွေကိုစ crazy ဖြစ်နေတဲ့အချိန်မှာ မေမြို့ရောက်တုန်းဝယ်လာခဲ့တဲ့အပင်လေးဖြစ်နေလို့ ဝယ်လာခဲ့တာ… နောက်ပြီးတော့ ဟိုတလောကမှ ဓာတ်ပုံအဟောင်းတွေပြန်ကြည့်တော့မှ အဲ့အပင်လေးက Nov 2019 မှာ ရန်ကုန်က Rosewood hotel ရောက်ခဲ့တုန်းက hotel lobby ထဲမှာထိုးထားတဲ့ပန်းပင် လေးတွေထဲမှာ အဲ့အပင်လေးလဲပါတာတွေ့တော့ “ဟယ်… ငါကြိုက်တဲ့အပင်လေးပါလား” ဆိုပြီးအံ့ဩသွားခဲ့ရတယ်… ပန်းတော်ဝင်ကနေ အဲ့အပင်လေးဝယ်ပြီး အနီးစခန်းအိမ်ကိုတန်းပြန်လာခဲ့တယ်… သစ္စာတောင်ဆရာတော်ပထမဆုံးအကြိမ်အလည်လာရင်း အိမ်အကြမ်းထည်ပြီးတဲ့အခြေအနေလေးကြည့်မယ်ဆိုလို့ ကြိုရအောင်လာစောင့်နေခဲ့တယ်… ဆရာတော်ပြန်ကြွသွားပြီးမကြာခင်ပဲမန္တလေးပြန်ဆင်းလာခဲ့ကြတယ်…
03 Sep 2024 မှာ သံပန်းသံတခါးတွေနဲ့ တခြားပရိဘောပစ္စည်းတွေသယ်လာတဲ့ကုန်ကားကြီးနဲ့အတူတူ မေမြို့ကိုတခေါက်ထပ်ရောက်ခဲ့ပါတယ်… အနီးစခန်း ဦးဟန်ညွန့်တို့အိမ်နားက ဂေါ်ရခါးဆိုင်မှာ တို့ဖူးနွေးနဲ့ အဖန်ရည်ချည်းပါတဲ့ ဂျင်းလက်ဖက်ရည်ကို မနက်စာအဖြစ် မေမေနဲ့ဝင်စားခဲ့ပြီး ကုန်ကားဆရာကိုထက်မြက်နဲ့အတူတူပါလာတဲ့သူတွေကိုလည်း အဲ့ဂေါ်ရခါးဆိုင်မှာပဲ မနက်စာကျွေးပြီး အိမ်မှာပစ္စည်းတွေချဖို့ရောက်လာခဲ့ကြတယ်… ခဏနေတော့ ပန်းတော်ဝင်မှာ ဇင်းမယ်လုံချည်တွေကြည့်ဖို့ မေမေနဲ့မေမြို့လာခဲ့ကြတယ်… ဇင်းမယ်အထည်တွေဝယ်ပြီး ပန်းတော်ဝင်မှာပဲမေမေနဲ့နေ့လယ်စာစား ကော်ဖီသောက်ခဲ့ကြတယ်… ပြီးတော့ ကန်တော်ကြီးအဝိုင်းနားက green fingers ပျိုးခြံကနေအပင်လေးတွေသွားကြည့်ပြီး မေမေကအနီးစခန်းအိမ်မှာစိုက်ဖို့တချို့အပင်လေးတွေဝယ်လာခဲ့တယ်…
မေမေနဲ့နောက်ကော်ဖီဆိုင်တဆိုင် M2.0 ကိုသွားပြီး cold brew coffee မှာသောက်ခဲ့တယ်… မေမေက ကော်ဖီဆိုင်ဘေးက မုန့်ဆိုင်ကနေမုန့်မှာစားတယ်… ဒီတခေါက်မှာ အချိန်ရနေတော့ မေမြို့ထဲမှာ ဟိုနားဒီနား အချိန်ဖြုန်းနေလိုက်တယ်… ဘာလို့လဲဆိုတော့ မေမြို့ကနေအပြန်မှာ သံပန်းသံတခါးလုပ်တဲ့ကလေးတွေကိုခေါ်ပြီး မန္တလေးကိုဆင်းလာရမှာဆိုတော့ သူတို့အလုပ်လက်စသပ်တဲ့ညနေပိုင်းအထိစောင့်ပြီးမှ အနီးစခန်းကနေပြန်ဆင်းလာခဲ့ရပြီး မန္တလေးဝင်တဲ့အချိန်မှာ ည 7 နာရီလောက်ရှိနေပြီ…
19 Sep 2024 မှာအိမ်ဆောက်နေတဲ့ အခြေအနေကြည့်ဖို့ မေမြို့နဲ့ အနီးစခန်းကိုနောက်တခေါက်ရောက်ခဲ့ပါတယ်… ဒီတခါမှာတော့ အလုပ်တွေမပါပဲ အလည်သွားရုံသက်သက်ပဲဆိုတော့ ပေါ့ပေါ့ပါးပါးလေးပဲ… ဒီတခါရောက်တော့ အိမ်ကအတွင်းပိုင်းဆေးစသုတ်နေပြီ… ဖေဖေက မန္တလေးအိမ်ကယူလာတဲ့ သူ့ထမင်းချိုင့်လေးနဲ့သူအနီးစခန်းအိမ်မှာ အလုပ်ကြီးကြပ်ဖို့နေခဲ့ပြီး ချိုချိုနဲ့မေမေက နေ့လယ်စာစား ကော်ဖီဆိုင်ထိုင်ဖို့ မေမြို့ကိုဆက်လာခဲ့ကြတယ်… ဒီတခါလည်း ဘာစားရမလဲမသိတာနဲ့ ထုံးစံအတိုင်းစားနေကျ Lucky 7 ပဲရောက်သွားကြတော့တယ်…
နေ့လယ်စာစားပြီး တခါမှမထိုင်ဖူးသေးတဲ့ မေမြို့အဝင်စနာရီစင်နားက Silver oak by MayMyo fresh ဆိုင်ကိုဝင်ပြီး မေမေ့အတွက် ပင်မှည့်သီးဖျော်ရည် ချိုချိုက cold brew coffee မြည်းကြည့်ခဲ့တယ်… သူ့ဆိုင်က cold brew ထည့်တိုက်တဲ့ဖန်ပုလင်းနဲ့ခွက်လေးကလည်းတမျိုးလေးဆန်းပြီး တခြားဆိုင်တွေမှာ မတွေ့ရတဲ့ သံပုရာသီးစိတ်လေးနဲ့တွဲပေးတယ်… အရသာကောင်းပါတယ်… မေမေကလည်း ထူးထူးခြားခြား အဲ့ဆိုင်ကပင်မှည့်ဖျော်ရည် အရမ်းကြိုက်သွားတယ်… ဗိုက်တင်းပြီးသကာလ အနီးစခန်းအိမ်ပြန်လာပြီး မေမေထည့်ယူလာတဲ့ လက်ဖက်သုတ်လေးထုတ်စားတာ အရမ်းကောင်းနေရော… ခဏနေတော့ မန္တလေးပြန်ဆင်းလာခဲ့ကြတယ်… အိမ်ဆောက်နေတဲ့ဆီ ဒီတခါရောက်ပြီး ဖေဖေနဲ့မေမေက အိမ်ဆောက်နေတာဒီအတိုင်းလွှတ်ထားလို့တော့မဖြစ်တော့ဘူး… သူတို့နေ့တိုင်းလာပြီး အနီးကပ်ကြီးကြပ်ပေးမှရတော့မယ်ဆိုပြီး အိမ်နားက ရှမ်းရိုးမဆိုတဲ့တည်းခိုခန်းလေးမှာ အောက်တိုဘာလကုန်အထိတလလာနေပြီး အလုပ်တွေဖိဖိစီးစီးခိုင်းလိုက်တော့မှ အိမ်ဆောက်တာပြီးသွားတော့တယ်…
10 Oct 2024 မှာတိုးတိုးမွေးနေ့အထိမ်းအမှတ် အောင်ချမ်းသာကျောင်းမှာဆွမ်းကပ်ရှိလို့ ဖေဖေနဲ့မေမေ မေမြို့ကနေခဏဆင်းလာခဲ့ကြတယ်… 15 Oct 2024 ရက်နေ့မှာ သီတင်းကျွတ်ကျောင်းပိတ်ရက်ရှိလို့ တွီတွီနဲ့သူ့သူငယ်ချင်းမလေးတယောက်ကို မေမြို့ကန်တော်ကြီးထဲအလည်ပို့ခဲ့ကြတယ်… နောက်တရက် 16 Oct 2024 ရက်နေ့မှာ မိသားစုကန်တော့ပွဲ မန္တလေးအိမ်မှာလုပ်မှာဆိုတော့ 15 Oct 2024 ရက်နေ့မေမြို့အလည်သွားရင်းအပြန်မှာ မေမေပြန်လိုက်လာခဲ့တယ်… 28 Oct 2024 မှာနုဆေးရုံတက်ရတော့မယ့်အခြေအနေဖြစ်လာလို့ မေမေက မေမြို့ကနေ EV လိုင်းကားနဲ့ဆင်းလာခဲ့တယ်… ဒါပေမယ့် အဲ့နေ့ကနုဆေးရုံမတက်ခဲ့လိုက်ရဘူး…
15 Oct 2024 ရက်နေ့မေမြို့သွားလည်တဲ့နေ့က မနက်စာကို ရွှေနှင်းဆီမှာ တို့ဖူးနွေးနဲ့ဝက်သားချဉ်စားတယ်… မနက်စာစားပြီး မေမြို့ရောက်တုန်း KBZ bank ကနေပိုက်ဆံထုတ်မယ်ဆိုပြီး မြို့လယ်ဘဏ်မှာဝင်ထုတ်တာ တနာရီခွဲကြာတယ်… ဘဏ်ကြီးကအကြီးကြီး ဝန်ထမ်းတွေလည်းအများကြီးရှိတာကို လူများပြီး ပွဲမစည်ဘူး… ဘဏ်ကိစ္စပြီးတော့ ကန်တော်ကြီးထဲဝင်လည်ကြတယ်… ကန်တော်ကြီးထဲက Bamboo cafe မှာ coffee သောက်မယ်ဟဲ့လို့စိတ်ကူးထားတာ ရိုးရိုးနှပ်ကော်ဖီပဲရလို့ နှပ်ကော်ဖီပဲသောက်ခဲ့ရတယ်… အဲ့နှပ်ကော်ဖီကလည်း တော်တော်ကိုမကောင်းတာပါ… ဆိုင်လေးလှသလောက် အစားအသောက်အရမ်းညံ့တယ်… အဲ့ဒါနဲ့ ကန်တော်ကြီးထဲကပြန်ထွက်လာတော့မှ နေ့လယ်စာကို Universal စားသောက်ဆိုင်မှာဝင်စားတုန်း cafe MayMyo ကနေ sunkist-presso ပါဆယ်သွားဆွဲခဲ့ရတော့တယ်… လည်လို့လည်းပြီး ဗိုက်လည်းဝသွားပြီဆိုတော့ အနီးစခန်းအိမ်မှာ ဖေဖေ့ကိုဝင်နှုတ်ဆက်ပြီး မန္တလေးပြန်ဆင်းခဲ့ကြတယ်…
29 Nov 2024 နုဆုံးပြီး 10 ရက်လောက်နေတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်ရော ဖေဖေဖနဲ့မေမေက အနီးစခန်းအိမ်လေးဆောက်ပြီးတာကို ဦးနဲ့လတ်တို့ကိုပြခြင်တာရောနဲ့ မေမြို့ကိုနေ့ချင်းပြန်တခေါက်လာခဲ့ကြတယ်… ဒီတခေါက်မှာလည်း ဖေဖေကသူ့ထမင်းချိုင့်နဲ့သူ အနီးစခန်းအိမ်မှာနေခဲ့ပြီး ချိုချိုက မေမေ လတ်နဲ့ဦးတို့ကို မေမြို့က Universal စားသောက်ဆိုင်မှာနေ့လယ်စာလိုက်ကျွေးခဲ့တယ်… အရင် 15 Oct 2024 လာတုန်းကလိုပဲ cafe MayMyo ကနေ ထမင်းစားရင်းသောက်ဖို့ ကော်ဖီပါဆယ်သွားဆွဲခဲ့တယ်… ဒီတခါ အားလုံးပူဆွေးသောကရောက်နေချိန်ဆိုတော့ တခြားဘယ်မှအပျော်အပါးအလည်အပါတ်တွေသွားဖို့လည်း စိတ်ကူးမရှိကြပဲ မေမြို့ကိုနေ့လည်စာသွားဖို့ပဲသွားခဲ့ပြီး အနီးစခန်းအိမ်မှာပဲအချိန်များများနေခဲ့ပြီး မန္တလေးပြန်ဆင်းလာခဲ့ကြတော့တယ်…
29 Dec 2024 တွီတွီ့မွေးနေ့မှာ 2024 ခုနှစ်အတွက် နောက်ဆုံးအကြိမ် မေမြို့ကိုရောက်ဖြစ်ခဲ့တယ်… ဒီအခေါက်မှာ တွီတွီ့ 10 နှစ်ပြည့်မွေးနေ့လည်းဖြစ် ထူးဆန်းတဲ့အဖြစ်အပျက်လေးတွေလည်းကြုံတွေ့ခဲ့ရလို့ ထူးခြားတဲ့ခရီးစဉ်လေးအဖြစ်နဲ့ 2024 ကိုကုန်ဆုံးဖြတ်သန်းခဲ့ပါတယ်… တွီတွီ့မွေးနေ့မှာ သူ့ရဲ့တခြားသူငယ်ချင်း 3-4 ယောက်ရဲ့မိသားစုဝင်တွေလည်းပါတော့ လူအယောက် အစိတ် 30 လောက်ရှိမယ်ထင်တယ်… ချိုချိုတို့က မေမေ မချောနဲ့ တွီတွီ 4 ယောက်… အဲ့နေ့က တနင်္ဂနွေနေ့လည်းဖြစ် နတ်တော်လပြည့်နေ့လည်းဖြစ် နောက်တရက် 30 Dec 2024 က ကရင်နှစ်သစ်ကူးနဲ့ပိတ်ရက်ရှည်လည်းဖြစ် မေမြို့ကန်တော်ကြီးထဲမှာ ပန်းပွဲတော်လုပ်နေတဲ့အချိန်လည်းဖြစ်နေတော့ ကန်တော်ကြီးထဲမှာ လူတွေခြေချစရာနေရာကိုမရှိဘူး…
တွီတွီတို့သူငယ်ချင်းမိသားစုတွေနဲ့ကလည်း ကန်တော်ကြီးထဲမှာမွေးနေ့ပွဲလုပ်ကြမယ်စီစဉ်ထားပြီးပြီဆိုတော့ ကန်တော်ကြီးထဲကို တခြားလူနည်းတဲ့အပေါက်ကနေဝင်ဖို့တန်းစီတာတောင် ဝင်းထဲရောက်ဖို့ကို ကားတွေတနာရီလောက်တန်းစီခဲ့ရတယ်… မချောနဲ့တွီတွီတို့ကတခြားကားနဲ့လိုက်သွားပြီး ကန်တော်ကြီးထဲအရင်ဝင်နှင့်ပြီး ချိုချိုနဲ့မေမေက နာရီစင်နားက ပန်းသေးဆိုင်ကနေ ဒံပေါက်ပါဆယ် အထုတ် အစိတ် 30 လောက်ဝင်မှာထားခဲ့ပြီး Fudo bakery ကနေတွီတွီ့အတွက်မွေးနေ့ကိတ်သွားဝယ်ခဲ့ကြတယ်… ပြီးတော့ ပန်းသေးဆိုင်ပြန်လာပြီး ဒံပေါက်အထုတ်တွေလာယူဖို့စောင့်နေတုန်း ဆိုင်ထဲမှာချိတ်ထားတဲ့ အစ္စလာမ်ဘာသာရေး ပြက္ကဒိန်တခုကိုစိတ်ဝင်စားလို့လှန်ကြည့်နေခဲ့တယ်… ပြက္ကဒိန်စာမျက်နှာတခုပေါ်မှာ အနှစ်တထောင်ကျော်လောက်ကရေးထားတဲ့ ဘာသာရေးစာပေလွှာလေးတခုကို Arabic မဖတ်တတ်ပေမယ့် သေချာစိုက်ကြည့်နေခဲ့တာ…
မေမြို့ကန်တော်ကြီးထဲကိုဝင်ဖို့ ကားတန်းရှည်ကြီးထဲမှာ စိတ်ရှည်လက်ရှည်တန်းစီပြီးသကာလ ဝင်းထဲရောက်တဲ့အခါမှာ ဒံပေါက်အထုတ် 30 ကိုဆွဲပြီး ပန်းခြံအလယ်ခေါင်အထိဆက်လျှောက်ခဲ့ရပြန်တယ်… ချယ်ရီပင်တန်းတွေရှိတဲ့ ရေစပ်ကသစ်ပင်ကြီးတပင်အောက်မှာ နေရာရပြီးဖျာခင်းထိုင်နေကြတဲ့နေရာကိုအရောက် အထုတ်တွေလည်းချပြီးရော သစ်ပင်အောက်မှာမတ်တပ်ရပ်နေရင်း အရမ်းကိုသိသာထင်ရှားတဲ့အနံ့တခုရလိုက်တယ်… အဲ့အနံ့က နုမဆုံးခင် 3 ရက်အလိုလောက်က ဆေးရုံမှာ ဝမ်းတွေဆက်တိုက်သွားနေတုန်းကရခဲ့တဲ့အနံ့… အဲ့အနံ့ကိုအခုထက်ထိမမေ့ဘူး… အဲ့အနံ့စွဲနေတဲ့နုရဲ့ လုံချည်အင်္ကျီတွေကိုတောင် နှစ်တွေကြာရင်အဲ့အနံ့ပျောက်သွားမှာစိုးလို့ zip lock plastic အိတ်ထဲမှာ အခုထက်ထိသိမ်းထားတုန်းပဲ… ကန်တော်ကြီးထဲက သစ်ပင်ကြီးအောက်မှာရပ်နေတုန်း အဲ့အနံ့သိသိသာသာကိုရလိုက်တော့ ရုတ်တရက်စိတ်ပူသွားတယ်… နုများကောင်းရာမွန်ရာမရောက်လို့ အနံ့တွေပေးတာလားဆိုပြီး…
ဒါပေမယ့် နောက်အတွေးတခုချက်ချင်းဝင်လာလိုက်တယ်… တကယ်လို့နုကအနံ့ပေးတယ်ဆိုရင် မန္တလေးအိမ်မှာပေးမှာပေါ့… အခုအနံ့ပေးတာက မေမြို့ကန်တော်ကြီးထဲမှာဆိုတော့ သစ်ပင်စောင့်တဲ့ ရုက္ခစိုးတို့ ပါတ်ဝန်းကျင်မှာရှိတဲ့ အစောင့်အရှောက်တွေက အမျှလိုခြင်လို့များ သိသာထင်ရှားတဲ့ အနံ့ပေးတာလားမသိဘူးလို့ဆိုပြီး အနံ့ရရပြီးချင်း တမိနစ်အတွင်းမှာ အဲ့အတွေးတွေဝင်လာခဲ့တယ်… အဲ့မှာချက်ချင်းပဲ ဘုရားဂုဏ်တော်တွေရွတ်ပြီးအမျှဝေလိုက်ပါတယ်… အဲ့အနံ့က နုဆုံးခါနီးမှာရတဲ့အနံ့အတိုင်းပါဆိုတကယ်… သက်သက်ဇာတ်လမ်းဆင်ပြီးပြောတာမဟုတ်ဘူး cross my heart… အနံ့ပုစ္ဆာ mystery ကိုအဲ့နေ့ညကမက်တဲ့အိပ်မက်ထဲမှာ အဖြေရခဲ့တယ်… အဲ့နေ့ည သန်းခေါင်ကျော်ကျော်လောက်မှာကြောက်လန့်တကြားအိပ်မက်ကနေနိုးလာပြီး စောစောကမက်ခဲ့တဲ့အိပ်မက်ကိုထင်ထင်ရှားရှားမှတ်မိနေခဲ့တယ်…
အခုထိလည်း ပြန်စဉ်းစားရင် အဲ့အိပ်မက်ကို အသေးစိတ်အတိအကျမှတ်မိနေတုန်းပဲ… အိပ်မက်ထဲမှာ နေ့လယ်က ပန်းသေးဆိုင်မှာစိုက်ကြည့်နေခဲ့တဲ့ နှစ်တထောင်ကျော်က Arabic နဲ့ရေးထားတဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ စာပေလွှာအတိုင်းချွတ်စွတ်ပေါ်လာပြီး အိပ်မက်ထဲမှာအဲ့ပေလွှာလေးက စားပွဲပေါ်မှာတင်ထားတာ… အဲ့ပေလွှာကိုငုံ့ကြည့်နေတုန်း ခေါင်းပေါ်က ကြီးမားတဲ့အား force တခုက ချိုချို့ရဲ့ခေါင်းကို ပေလွှာပေါ်ဖိချလိုက်ပြီး မျက်နှာနဲ့ပေလွှာကိုဖိရင်းပွတ်ရင်းလုပ်ရင်း “နင်နေ့လယ်ကကြည့်နေတာဒါမဟုတ်လား” ဆိုပြီး စိတ်ဆိုးဒေါသထွက်တဲ့ ကြောက်စရာအသံကြီးနဲ့ပြောတယ်… အဲ့အချိန်မှာ အိပ်မက်ကနေနိုးလာပြီး အိပ်မက်ထဲမှာ force ကြီးတခုက မျက်နှာကိုပေလွှာပေါ်ဖိချပြီးပွတ်နေတဲ့ အနေအထားအတိုင်း အိပ်ယာပေါ်မှာ မျက်နှာမှောက်လျှက်ကြီးဖြစ်နေပြီးနိုးလာတာ… အဲ့မှာ ချက်ချင်းဆိုသလို နေ့လယ်က ကန်တော်ကြီးထဲမှာအနံ့ခဲ့တာတွေ ပန်းသေးဆိုင်မှာ ပြက္ကဒိန်ကြည့်နေတာတွေအကုန်လုံးဆက်စပ်မိသွားပြီး ဪဒါကြောင့် အစောင့်အရှောက်ပုဂ္ဂိုလ်တွေက message တခုခုပေးခြင်လို့ communicate လုပ်တာနေမှာလို့ သဘောပေါက်နားလည်သွားခဲ့ရတယ်… အဲ့မှာ ညသန်းခေါင်ကြီးနိုးလာပြီး ကြောက်လို့တော်တော်နဲ့ပြန်အိပ်မပျော်တော့ဘူး…
မေမြို့ကန်တော်ကြီးထဲမှာ အနံ့ရခဲ့တဲ့ကိစ္စက တကယ့်ထူးဆန်းတဲ့အဖြစ်အပျက်ဖြစ်သလို ကြက်သီးထစရာလည်းကောင်းတယ်… ဒီလိုနဲ့ ဒံပေါက်စားပြီး ကန်တော်ကြီးထဲမေမေနဲ့ ပန်းပွဲတော်အပြင်အဆင်တွေလျှောက်ကြည့်ကြတယ်… တွီတွီတို့ကတော့ သူ့သူငယ်ချင်းတွေနဲ့ အပင်ကြီးအောက်မှာ ကစားနေရစ်ခဲ့ကြတယ်… ပန်းပွဲတော်ကလည်း သူ့အတိုင်းအတာနဲ့သူ အကောင်းဆုံးတော့ပြင်ဆင်ထားပေမယ့် ကိုယ့် taste မဟုတ်တော့ ဘယ်နေရာမှ စိတ်ဝင်စားဖို့မကောင်းခဲ့ဘူး… ဒါပေမယ့် ထူးထူးခြားခြား ပန်းပွဲတော်အပြင်အဆင်တွေနဲ့ဝေးရာ Ginkgo အပင်ကြီးရှိတဲ့နေရာရောက်တော့ တခါမှမတွေ့ဖူးတဲ့ ဆောင်းဦးမှာအရောင်ပြောင်းတဲ့ရွက်ဝါတွေတဖြုတ်ဖြုတ်ကြွေကျနေတဲ့ Ginkgo ပင်ကြီးကိုတွေ့လိုက်ရတယ်… Dec လကုန်ဆောင်းလယ်လိုအချိန်မျိုးမှာ ကန်တော်ကြီးထဲတခါမှမရောက်ဖူးတော့ Ginkgo ပင်ကြီးရဲ့ autumn foliage ကိုပထမဆုံးမြင်ဖူးလိုက်တာ… ရင်သပ်ရှုမောစရာကောင်းလောက်အောင်လှပါတယ်… ယပ်တောင်ပုံရှိတဲ့ Ginkgo ရွက်ဝါလေးတွေကို ငယ်ငယ်ကတည်းက အရမ်းကြိုက်တာ… အခုထပ်မြင်ရတော့ အရမ်းပျော်သွားခဲ့တယ်…
မေမေနဲ့ရေကန်ကြီးတပါတ်လမ်းလျှောက်လာခဲ့ပြီး တွီတွီတို့ရှိတဲ့နေရာပြန်ရောက်တော့ မွေးနေ့ကိတ်စခွဲပြီးစားကြတယ်… အဲ့နောက်ခဏနေပြီး ပြန်ထွက်လာခဲ့ကြတယ်… ကန်တော်ကြီးကအပြန်လမ်းမှာ တွေ့ဖူးနေပြီး မရောက်ဖူးသေးတဲ့ Pine tree coffee house လေးဝင်ပြီး မေမေ့အတွက် အသီးဖျော်ရည် စာရေးသူက honey-lime-espresso ပါဆယ်ဝယ်ပြီး ဓာတ်ပုံတွေတဝကြီးရိုက်ခဲ့သေးတယ်… ဆိုင်လေးကဝင်းအကျယ်ကြီးထဲမှာ ဘိုအိမ်ပုံစံ သစ်သားအိမ်သေးသေးချစ်စရာလေး… Coffee ကလည်းမဆိုးပါဘူး… ဝန်ထမ်းသိပ်မများတော့ စောင့်တော့စောင့်ရတယ်… ဒါပေမယ့် လူရှင်းပြီး အေးအေးဆေးဆေးလွတ်လွတ်လပ်လပ်ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးအကြာကြီးရခဲ့ပါတယ်… မေမေက ရေတဗူးဝယ်ပြီး နေ့လယ်ဆေးသောက်ခဲ့တယ်… ပြီးတော့ မန္တလေးပြန်ဆင်းလာခဲ့ပါတယ်… ဒီလိုနဲ့ 2024 အတွက်နောက်ဆုံးမေမြို့ခရီးစဉ်လေးဒီိမှာအဆုံးသတ်သွားခဲ့ပါတယ်…
🥃☕️🏡🍃🍂🍁🌳🍊🎐🖼️🪟🎏🧘🏽♂️☁️
Click here to claim your Sponsored Listing.