Shwe Dae
28/03/2025
ပြောမပြတတ်အောင်ဝမ်းနည်းကျေကွဲရပါတယ်။
04/03/2025
💚 ဒီဆောင်းပါးကတော့
ဆရာကြီဲး ဒေါက်တာအောင်မြင့်ဦးရဲ့ "တက္ကသိုလ်၀င်တန်း မြန်မာစာစာလုံးပေါင်းသတ်ပုံနဲ့ ပတ်သက်ပြီး ရှင်းပြပေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်... ...
တက္ကသိုလ်၀င်တန်း မြန်မာစာစာလုံးပေါင်းသတ်ပုံအကြောင်း တစေ့တစောင်း (၁)
ဘယ်ဘာသာစကားရဲ့ စာအရေးအသားမှာမဆို အရေးအက္ခရာ
တွေနဲ့ အရေးအက္ခရာတွေကို စာအဖြစ် ပေါင်းစပ်ဖွဲ့စည်းလိုက်တဲ့ စာလုံးပေါင်းသတ်ပုံတွေဟာ စာအရေးအသားရဲ့အခြေခံအုတ်မြစ် တွေ ဖြစ်ပါတယ်။
ကြီးကျယ်ခမ်းနားတဲ့ ပြာသာဒ်အဆောက်အအုံကြီး ဖြစ်ပေါ်လာစေဖို့ အခြေခံအုတ်မြစ်ဟာ အဓိကကျတယ်ဆိုတာ အထူးပြောစရာ
လိုမယ်မထင်ပါဘူး။ အခြေခံအုတ်မြစ် ယိုယွင်း လာမယ်ဆိုရင်
အဆောက်အအုံကြီးတစ်ခုလုံးလည်း ယိုင်နဲ့ပျက်စီး လာမှာပါပဲ။
စာပေအဆောက်အအုံကြီးကို ခမ်းခမ်းနားနား ထည် ထည်ဝါ၀ါ
တည်ဆောက်နိုင်ဖို့ အခြေခံကျတဲ့ စာအရေးအသားရဲ့ စာလုံးပေါင်းသတ်ပုံကို ဘယ်ဘာသာစကားမှာမဆို ထိန်းသိမ်းစောင့် ရှောက်ကြရစမြဲ ဖြစ်ပါတယ်။
မြန်မာစာအရေးအသားမှာလည်း စာလုံးပေါင်းသတ်ပုံဟာ
အခြေခံဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံမှန်မှသာ မိမိဆိုလိုတဲ့
လိုရာအနက်ကိုရရှိမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ ရေးသားရာမှာ
စာလုံးပေါင်းမှားရင် လက်မခံနိုင်တဲ့အမှားဖြစ်သလို မြန်မာစာရေး သားရာမှာလည်း စာလုံးပေါင်းသတ်ပုံမှားယွင်းတာဟာ လက် မခံနိုင်စရာအမှား ဖြစ်တယ်ဆိုတာ သိရှိနားလည်ထားရမှာ ဖြစ်ပါ တယ်။
ကျောင်းသူ၊ ကျောင်းသားတွေအပါအ၀င် မြန်မာလူမျိုး အများစုဟာ အင်္ဂလိပ်စာ စာလုံးပေါင်းမှားမှာကို စိုးရိမ်ပြီး ဂရု တစိုက်လေ့လာမှတ်သားလေ့ရှိပေမဲ့ မြန်မာစာကိုတော့ မိခင် ဘာသာစကားဖြစ်လို့ စာလုံးဘယ်လိုပေါင်းပေါင်း နားလည်နိုင်တယ်ဆိုပြီး
ပေါ့ပေါ့တန်တန် သဘောထားလေ့ ရှိကြပါတယ်။ တကယ်ကတော့ မိခင်ဘာသာစကားဖြစ်လို့ ပိုပြီး လေးလေးစားစားနဲ့
မှန်မှန်ကန်ကန်ဖြစ်အောင် ထိန်းသိမ်းကြရမယ်လို့ ခံယူစွဲမှတ်သင့်ပါ တယ်။
ကျောင်းသူ-ကျောင်းသားတွေဟာ စာမေးပွဲဖြေဆိုရာမှာပဲဖြစ် ဖြစ်၊ ကျောင်းပြီးသွားလို့ ပြင်ပမှာ စာရေးသားရာမှာပဲဖြစ်ဖြစ် မြန်မာစာရေးသားရာမှာ စာလုံးပေါင်းအမှားအယွင်းမှားတတ်ကြလို့ ၂၀၁၉ ခုနှစ်ကစပြီး ကျင့်သုံးတော့မဲ့ တက္ကသိုလ်၀င်တန်းမေးခွန်း မှာ
စာလုံးပေါင်းအမှန်ရွေးတာကို အမှတ် ၂ (ခ)၊ ငါးမှတ်တန် မေးခွန်းအဖြစ် ဖြည့်စွက်ထည့်သွင်းထားပါတယ်။ ဒီမေးခွန်းအတွက်
ရွေးချယ်စရာ ပေးမထားပါဘူး။ မှားနိုင်တဲ့၊ မှားလေ့မှားထရှိတဲ့ စာလုံးပေါင်းတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် အထူးသတိပြုကြဖို့ ဖြစ်ပါတယ်။
မြန်မာစာအရေးအသားအခြေခံမှာ စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေးဟာ အဓိကကျတဲ့အလျောက် ဒီမေးခွန်းဟာ မြန်မာစာ အခြေခံ မှန်ကန်ရေးအတွက် လေ့ကျင့်ဖြည့်ဆည်းပေးတာ ဖြစ်ပါ တယ်။
ဒီမေးခွန်းအတွက် စာလုံးပေါင်းသတ်ပုံမေးရာမှာတော့
့ ပြဋ္ဌာန်းစာအုပ်တွေထဲမှာပါတဲ့ မြန်မာစာအရေးအသားတွေထဲက နေ့စဉ်အသုံးများတဲ့ ဝေါဟာရတွေကို ကောက်နုတ်ပြီး တက္ကသိုလ် ၀င်တန်းအဆင့် ကျောင်းသူ-ကျောင်းသားတွေ မမှားသင့်တဲ့၊ သိ သင့်သိထိုက်တဲ့ စာလုံးပေါင်းတွေကို ရွေးချယ်စစ်မေးမှာ ဖြစ်ပါ တယ်။
ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ မြန်မာစာကို လေ့ လာသင်ယူရာမှာ ပြဋ္ဌာန်းစာအုပ်တွေကို သေသေချာချာဖတ်ရှု လေ့လာပြီး အသုံးများတဲ့ မြန်မာဝေါဟာရတွေရဲ့ စာလုံးပေါင်း အမှန်ကို ဂရုတစိုက် မှတ်သားထားမယ်ဆိုရင် ဒီမေးခွန်းအတွက် ပေးမှတ် ငါးမှတ်ဟာ အထူးတလည် အလွတ်ကျက်မှတ်နေစရာ မလိုဘဲ အမှတ်ရရှိနိုင်မဲ့
မေးခွန်းမျိုးပဲဖြစ်ပါတယ်။
စာလုံးပေါင်းသတ်ပုံမေးခွန်းမှာ အမှား-အမှန်ပေးထားတာ ဖြစ်တဲ့အတွက် မေးခွန်းထဲမှာ အဖြေကပါရှိနေပြီးဖြစ်ပါတယ်။
💚 ဥပမာ - နှောင့်ယှက် - နှောင့်ရှက်၊ ပုံသဏ္ဍာန် - ပုံသဏ္ဌာန်၊
စားဘွယ် - စားဖွယ်၊
ကျစ်လစ် - ကျစ်လျစ်၊
ရန်ဖက် - ရန်ဘက်၊
ကရုဏာ - ဂရုဏာ၊
သည်းခံ - သီးခံ၊
ပြဌာန်း - ပြဋ္ဌာန်း စတဲ့ စကားလုံးမျိုးတွေကို ထုတ်နုတ််မေးမှာဖြစ်ပါတယ်။ နေ့စဉ်အရေး အသားတွေကို လက်တွေ့သုံးနေရတဲ့ စာလုံးပေါင်းမျိုးတွေကိုသာ ထုတ်နုတ်မေးမှာဖြစ်ပြီး ရှေးသုံးပေါရာဏစကားလုံးတွေကိုတော့ ဒီမေးခွန်းမှာ ထည့်မေးဖို့မရည်ရွယ်ပါဘူး။ ရှေးသုံးဝေါဟာရတွေ ကို ထုတ်နုတ်မေးဖို့ မရည်ရွယ်ဘူးဆိုတာဟာ ရှေးစာတွေထဲက ဝေါဟာရတွေ မမေးဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ရှေးစာတွေ ထဲက မျက်မှောက်ခေတ်ထိ အသုံးပြုနေတဲ့ ဝေါဟာရမျိုးတွေကို လည်း ထုတ်နုတ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
စာလုံးပေါင်းသတ်ပုံကိုလေ့လာရာမှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားဖို့ လိုပါတယ်။ ဖတ်စာအုပ်အားလုံးမှာပါတဲ့ မြန်မာ စာအရေးအသားတိုင်းရဲ့ စာလုံးပေါင်းသတ်ပုံကို မေးနိုင်တာဖြစ် လို့ အသုံးများတဲ့ မြန်မာစာအရေးအသားမှန်သမျှကို ဂရုတစိုက် မှတ်သားထားရမှာ ဖြစ်ပါတယ်။ သဒ္ဒါဖတ်စာအုပ်ထဲက အခေါ် အဝေါ်တွေ၊ မြန်မာကဗျာလက်ရွေးစင်ထဲက အမှာစာ၊ စာမိတ် ဆက်၊ ကဗျာစာသား၊ ခက်ဆစ်အဖွင့်၊ သင်ခန်းစာအကျဉ်းချုပ်၊ လေ့ကျင့်ရန်မေးခွန်းတွေမှာပါတဲ့ ဝေါဟာရအသုံးအနှုန်းတွေ၊ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်မှာပါတဲ့ အမှာစာ၊ စာမိတ် ဆက်၊ စကားပြေစာသား၊ ခက်ဆစ်အဖွင့်၊ သင်ခန်းစာအကျဉ်းချုပ်၊ လေ့ကျင့်ရန်မေးခွန်းတွေမှာပါတဲ့ ဝေါဟာရအသုံးအနှုန်းတွေ၊ ရေသည်ပြဇာတ် ဖတ်စာမှာပါတဲ့့ အမှာစာ၊ ပြဇာတ်စာသား၊ သင် ခန်းစာ အကျဉ်းချုပ်၊ လေ့ကျင့်ရန်မေးခွန်းတွေ၊ ခက်ဆစ်အဖွင့် တွေမှာပါတဲ့ ဝေါဟာရ အသုံးအနှုန်းတွေ အားလုံးကို စုံလင်အောင် ထုတ်နုတ်မေးမြန်းမှာ ဖြစ်ပါတယ်။
ပြဋ္ဌာန်းဖတ်စာအုပ်အားလုံးမှာပါတဲ့ မြန်မာစာအရေးအသား တွေထဲက စကားလုံးအားလုံးကို လေ့လာစေတဲ့ ရည်ရွယ်ချက်က လည်း ပြဋ္ဌာန်းစာတွေကို နှံ့နှံ့စပ်စပ် ဖတ်ရှုလေ့လာစေဖို့နဲ့ တကယ့် လက်တွေ့ဘ၀မှာ မြန်မာစာရေးသားတဲ့အခါ စာလုံးပေါင်းတွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်စေဖို့ပဲ ဖြစ်ပါတယ်။ မြန်မာစာလုံး ပေါင်းသတ်ပုံ မှန်ကန်ဖို့ လေ့လာဆည်းပူးရာမှာ မေးခွန်းအမှတ် ၂ (ခ) ကို ဖြေဆိုနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် တိမ်တိမ်ကလေးထား မဘဲ မြန်မာစာအရေးအသား မှန်ကန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အလေးအနက် ထားရှိရမှာ ဖြစ်ပါတယ်။ သတ်ပုံ အမှား-အမှန် ရွေးနိုင်ဖို့လောက်ကိုပဲ အာရုံပြုပြီး စကားလုံးအတွဲတွေကို အလွတ် ကျက်၊ ကျက်ထားတဲ့အတိုင်း အမှား-အမှန်ရွေးပေးလိုက်ရုံနဲ့ ပြီး သွားမယ်ဆိုရင် ကိုယ့်အတွက်ရော၊
မြန်မာစာဘာသာရပ်အတွက် ရော ဘာမှ အကျိုးရှိမှာ မဟုတ်ပါဘူး။
အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ စာလုံးပေါင်းသတ်ပုံဟာ စာလုံးပေါင်းအမှန်ရွေး မေးခွန်းအတွက်သာမက မြန်မာစာမေးခွန်း တိုင်းအတွက် မှားလို့မရပါဘူး။ မေးခွန်း ၂ (က) မေးခွန်း ခက်ဆစ် အနက် ဖွင့်ဆိုရာမှာ စာလုံးပေါင်းမှန်မှန်ကန်ကန်နဲ့ အနက်ဖွင့်ရမှာ ဖြစ်ပါတယ်။ စာလုံးပေါင်း မှားယွင်းလိုက်တာနဲ့ ရမှတ်အားလုံး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ သာဓကအနေနဲ့ .....
ရွှေနှင့်ယိုးမှား ပန်း စံကားကဗျာထဲက ““ယိုးမှား”” ဆိုတဲ့ ဝေါဟာရကို အနက်ဖွင့်ခိုင်း တယ်ဆိုပါစို့။ ““ယိုးမှား = ဆင်တူသည်””လို့ ဖြေဆိုရမှာ ဖြစ်ပါတယ်။
ဒီအဖြေကို ““ယိုးမှား = စင်တူသည်””ဆိုပြီး ဆလိမ်နဲ့ စလုံးကို မှား ယွင်းဖြေဆိုမယ်ဆိုရင်တော့ အဲဒီမေးခွန်းအတွက်ပေးတဲ့ အမှတ် ကို ရရှိတော့မှာ မဟုတ်ပါဘူး။
““ယရည်း = ဆင်ထိန်း”” ဆိုတာကို
““ဆင်ထိမ်း””လို့ရေးမိရင်၊ ““မိုးမခ=မိုးရေမစွတ်””ဆိုတာကို
““မိုး ရေမစွပ်””လို့ရေးမိရင်၊ ““ဟူးဟူး=ပြင်းပြင်းထန်ထန်”” ဆိုတာကို ““ပျင်းပျင်းထန်ထန်”” လို့ရေးမိရင် စာလုံးပေါင်းမှားလို့ အဓိပ်္ပာယ် လွဲပြီး အမှတ်ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။
အလားတူပဲ အလင်္ကာမေးခွန်းမှာလည်း စာလုံးပေါင်းလုံး၀ မှားယွင်းလို့ မရပါဘူး။ ဥပမာ၊
ရူပက၊ ၀င်္ကဝုတ္တိ၊ အတိသယဝုတ္တိ၊
မြည်သံစွဲ အစရှိတဲ့ အလင်္ကာအမျိုးအမည်တွေက အစ တိတိကျကျ
မှန်မှန်ကန်ကန် ရေးသားရမှာ ဖြစ်ပါတယ်။
ဥပမာအလင်္ကာလို့ ရေးရာမှာ ဥပမာမှာ ရေးချကျန်ပြီး ဥပမ လို့ရေးမိရင်ဖြစ်ဖြစ်၊ ၀င်္ကဝုတ္တိအလင်္ကာကို ရေးတဲ့အခါ ကကြီးနဲ့ ဂငယ်မှားပြီး ၀င်္ဂဝုတ္တိလို့ ရေးမိရင် ဖြစ်ဖြစ်၊ မြည်သံစွဲအလင်္ကာကို ရရစ်ကျန်ပြီး မည် သံစွဲလို့ ရေးမိရင်ဖြစ်ဖြစ်၊ ယပင့်နဲ့မျည်သံစွဲလို့ ရေးမိရင်ဖြစ်ဖြစ်၊ ရူပကအလင်္ကာကိုရေးရာမှာ နှစ်ချောင်းငယ်နဲ့ ရေးရမဲ့အစား ဟထိုးတစ်ချောင်းငင်နဲ့ ရှုပက လို့ရေးမိရင်ဖြစ်ဖြစ်၊ တစ်ချောင်းငင်နဲ့ ရုပကလို့ ရေးမိရင်ဖြစ်ဖြစ် အလင်္ကာအမျိုးအစားအတွက်ပေးတဲ့ အမှတ်ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒီလိုသတ်ပုံအမှားမျိုးဟာ မသိ လို့မှားတာမျိုး မဟုတ်ဘဲ အမှတ်တမဲ့ သတိမထားဘဲ ရေးလိုက်မိတဲ့ အတွက် မမှားသင့်ဘဲမှားတဲ့ အမှားမျိုးဖြစ်ပါတယ်။ ဒီလိုအမှား မျိုးမဖြစ်အောင်လည်း အထူးသတိပြုဖို့ လိုပါတယ်။
စကားပြေ၊ ကဗျာမေးခွန်းတိုတွေဟာလည်း ဓမ္မဓိဋ္ဌာန်မေးခွန်း တွေ ဖြစ်တဲ့အတွက် ရေးသားဖြေဆိုတဲ့ အဖြေတွေဟာ တိကျမှန် ကန်ဖို့ လိုအပ်ပါတယ်။ စာလုံးပေါင်းမှားယွင်းသွားတာနဲ့ အဖြေ ဟာ တိကျခိုင်မာမှုမရှိနိုင်တော့တဲ့အတွက် အမှတ်ဆုံးရှုံးသွားနိုင် ပါတယ်။ သာဓကအနေနဲ့
““ကိုးခန်းပျို့၏ ထင်ရှားသော အခြား အမည်တစ်ခုကို ဖော်ပြပါ”” ဆိုတဲ့မေးခွန်းတို့ကို ဖြေတဲ့အခါ ““ဟတိ်္ထ ပါလပျို့””လို့ ဖြေမဲ့အစား ““ဟတ်္တိပါလ”” ဆိုပြီး တ၀မ်းပူနှစ်လုံး ဆင့်နဲ့ ဖြေမိရင် အမှတ်လျော့နည်းသွားမှာ ဖြစ်ပါတယ်။ စကားပြေ မေးခွန်းတိုက ““ပတ်္တမြားကျောက်စီဓား စကားပြေကို မည်သူရေး သနည်း””ဆိုတဲ့ မေးခွန်းတိုကို ““မောင်သန့်စင် ဖြစ်ပါသည်””လို့ ဖြေရမဲ့အစား ““မောင်သန့်ဇင်”” ဖြစ်ပါသည်လို့ စလုံးနဲ့ ဇကွဲကို လွဲမှားဖြေဆိုမယ်ဆိုရင် ရမှတ်လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုအမှားမျိုးဟာ မှတ်သားမှု လွဲမှားလို့ မှားယွင်းရေးသားတာမျိုး ဖြစ်နိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ သတ်ပုံအမှန်ရွေးမေးခွန်းတွေ၊အဓိပ္ပာယ်ဖွင့်ဆိုချက်မေးခွန်းတွေ၊ ကဗျာစကားပြေ မေးခွန်းတို တွေသာမက ကျန်တဲ့မေးခွန်းတွေဖြစ်တဲ့ ကဗျာ၊ စကားပြေ မေး ခွန်းရှည်တွေ၊ ရေသည်ပြဇာတ်မေးခွန်းတွေ၊ စာစီစာကုံးတွေ၊ အဆိုဆွေးနွေးမေးခွန်းတွေ ရေးသားရာမှာလည်း စာလုံးပေါင်း သတ်ပုံကို အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ စာလုံးပေါင်းမှားယွင်း တာနဲ့ အမျှ မိမိရဲ့ရမှတ်ကလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ စာလုံးပေါင်း အမှားအယွင်းနည်းအောင် သတိပြုနိုင်ဖို့အတွက် စာလုံးပေါင်းမှားယွင်းရတဲ့ အကြောင်းတွေကို လာမဲ့တစ်ပတ်မှာ ဆက်လက် ဆွေးနွေးတင်ပြပါမယ်။
ဒေါက်တာအောင်မြင့်ဦး
Academic Weekly Educational Journal
(ကျောင်းသားလက်စွဲ)
Vol 3, No 46
15.11.2018
ဒီဆောင်းပါးကတော့
ဆရာကြီးဒေါက်တာအောင်မြင့်ဦးရဲ့ ယခင်အပတ်မှအဆက် "တက္ကသိုလ်၀င်တန်း မြန်မာစာစာလုံးပေါင်းသတ်ပုံနဲ့ ပတ်သက်တဲ့ အပိုင်း(၂) ဖြစ်ပါတယ်...
အရင်တစ်ပတ်က မြန်မာစာအရေးအသားမှာ စာလုံးပေါင်းသတ်ပုံအရေးကြီးပုံနဲ့ တက်္ကသိုလ်၀င်တန်း မြန်မာစာမေးခွန်းပုံစံသစ်မှာ အသစ်ဖြည့်စွက်ထည့်သွင်းထားတဲ့ စာလုံးပေါင်းသတ်ပုံ မေးခွန်းနဲ့ပတ်သက်ပြီး လေ့လာရမဲ့ အနေအထားကို ဆွေးနွေးတင် ပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စာလုံးပေါင်း မှားယွင်းရတဲ့အကြောင်းတွေနဲ့ စာလုံးပေါင်း မမှားရအောင် သတိပြုသင့်တဲ့အချက်တွေကို ဆက်လက်ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။
စာလုံးပေါင်းမှားလေ့ရှိတဲ့ အကြောင်းတွေထဲက မကြာခဏ ကြုံတွေ့ရလေ့ရှိတဲ့အကြောင်း တစ်ခုကတော့ အမှတ်မှား၊ အစွဲမှား ခြင်း ဖြစ်ပါတယ်။ ဝေါဟာရအသုံးအနှုန်းတစ်ခုဟာ အသုံးများတဲ့ စကားလုံးဖြစ်ပေမဲ့ မိမိစိတ်မှာ အမှတ်မှား၊ အစွဲမှား ဖြစ်နေခဲ့ရင် ရေးသားရာမှာလည်း မှားယွင်းသွားမှာ ဖြစ်ပါတယ်။ ဒီလို အမှတ် မှား၊ အစွဲမှားနဲ့ ရေးသားလေ့ရှိတဲ့ စာလုံးပေါင်းသတ်ပုံ အမှား အယွင်းတွေကို မကြာခဏ တွေ့ရတတ်ပါတယ်။ ““နေ့လယ်”” လို့ ရေးရမှာကို ““နေ့လည်”” ဆိုပြီး အမှတ်မှား၊ အစွဲမှားနဲ့ ရေးသား လေ့ရှိကြပါတယ်။ ““ဥက္ကဋ္ဌ”” ဆိုတဲ့ စာလုံးပေါင်းကို အများအားဖြင့် ““ဥက္ကဌ”” လို့ပဲ ရေးနေကြပါတယ်။ ““ခံ့ညား”” ဆိုတာ စာလုံးပေါင်း အမှန်ဖြစ်ပေမဲ့ ““ခန့်ညား”” လို့သာ ထင်မှတ်ရေးသားလေ့ရှိကြပါ တယ်။ ခမ်းနားထည်ဝါတဲ့အနက်နဲ့သုံးရင် ““ခံ့ညား”” လို့ရေးသား ရမှာဖြစ်ပြီး ““ခန့်ညား””ဆိုတာကတော့ ကြောက်ရွံ့တယ်လို့ အဓိပ်္ပာယ်ရတဲ့ ရှေးသုံးဝေါဟာရတစ်ခု ဖြစ်ပါတယ်။
မြန်မာစာရေးသားရာမှာ ““ရေးတော့အမှန် ဖတ်တော့အသံ”” ဆိုတဲ့စကား ရှိပါတယ်။ ရေးတဲ့အခါမှာ သတ်မှတ်ထားတဲ့ စာလုံး ပေါင်းအမှန်အတိုင်း ရေးရမှာဖြစ်ပြီး ဖတ်တဲ့အခါကျတော့ သုံးနေ ကျအသံအတိုင်း ဖတ်ရမှာဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေမှာ အသံထွက်အတိုင်း ရေးမယ်ဆိုရင် စာလုံးပေါင်းမှားယွင်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုအမှားမျိုးကို ကျောင်းသား၊ ကျောင်းသူတွေမှာ များစွာတွေ့ရပါတယ်။ ““လေပြေ””လို့ ပြောရ၊ ဖတ်ရမှာ ဖြစ်ပေမဲ့ ရေးတဲ့အခါမှာတော့ ““လေပြည်””လို့ သတ်မှတ်ထားတဲ့ စာလုံး ပေါင်းအမှန်အတိုင်း ညသတ်နဲ့ ရေးရမှာ ဖြစ်ပါတယ်။ ““ဖြေးဖြေး”” လို့ ပြောရ၊ ဖတ်ရမှာ ဖြစ်ပေမဲ့ ရေးတဲ့အခါမှာတော့ ““ဖြည်းဖြည်း”” လို့ ညသတ်နဲ့ရေးရမှာ ဖြစ်ပါတယ်။ ““စီစစ်””လို့ပြောပေမဲ့ ““စိစစ်”” လို့ရေးရမှာ ဖြစ်ပါတယ်။ တစ်ခါ ““မကြာမှီ”” လို့ ဟထိုးသံနဲ့ ထည့် ပြောပေမဲ့ ရေးတဲ့အခါမှာတော့ ဟထိုးမပါဘဲ ““မကြာမီ””လို့ ရေးရမှာ ဖြစ်ပါတယ်။ ““ထုတ်နှုတ်””တို့ ““ကောက်နှုတ်””တို့မှာ ဟထိုးသံထည့်ပြောပေမဲ့ ရေးတဲ့အခါမှာတော့ ဟထိုးမပါဘဲ ““ထုတ်နုတ်””၊ ““ကောက်နုတ်”” ဆိုပြီး ရေးရမှာ ဖြစ်ပါတယ်။ ““သင့် လျှော်””လို့ ဟထိုးသံထည့်ပြောပေမဲ့ ရေးတဲ့အခါမှာတော့ ဟထိုး မပါဘဲ ““သင့်လျော်””လို့ရေးရပါတယ်။ စာလုံးပေါင်းရာမှာ ဟထိုး ပါခြင်း၊ မပါခြင်းဟာ အထူးသတိပြုရမဲ့ အချက်တစ်ရပ် ဖြစ်ပါ တယ်။
အသတ်များဟာလည်း စာလုံးပေါင်းရာမှာ မှားယွင်းလေ့ရှိတဲ့ ရေးထုံးတစ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် တသတ်နဲ့ ပသတ်၊ နသတ်နဲ့ မသတ်ဟာ မှားလေ့ရှိတဲ့ အမှားများပဲ ဖြစ်ပါတယ်။
““အနုစိတ်””၊ ““အသေးစိတ်””တို့ကို တသတ်နဲ့ရေးရမှာ ဖြစ်ပေမဲ့ ““အနုစိပ်””၊ ““အသေးစိပ်”” ဆိုပြီး ပသတ်နဲ့ မှားယွင်းလေ့ရှိပါတယ်။ ““အစိတ်အပိုင်း””၊ ““ခွဲစိတ်”” တွေဟာလည်း တသတ်ပဲ ဖြစ်ပါတယ်။ ပသတ်နဲ့ ““စိပ်”” တဲ့ အသုံးကတော့ တသတ်အသုံးထက် ပိုမိုနည်း ပါးပါတယ်။ ပသတ် ““စိပ်”” ကိုတော့ ““ကျဲ”” ရဲ့ ဆန့်ကျင်ဘက်အသုံး အဖြစ် သုံးပါတယ်။ ကြမ်းပြင်အကွက်စိပ်သည်၊ ထရံစိပ်သည်ဆိုတဲ့ အသုံးမျိုးဖြစ်ပါတယ်။ ပုတီးစိပ်တာကိုလည်း ပသတ်နဲ့ ရေးရပါ တယ်။ နသတ်နဲ့ မသတ် မှားယွင်းရေးသားတာတွေကိုတော့ ““အခမ်းအနား””ကို ““အခန်းအနား””လို့ ရေးတာမျိုးတွေ၊ ““ထိန်း သိမ်း””ကို ““ထိမ်းသိမ်း””လို့ ရေးတာမျိုးတွေမှာ တွေ့ရတတ်ပါ တယ်။
တသတ်နဲ့ ပသတ်ကို မမှားရအောင် ခွဲခြားသတ်မှတ်တဲ့ နည်း တစ်ခုကတော့ အတွင်းထဲမှာ ငုပ်လျှိုး၀င်ရောက်တဲ့သဘောဆိုရင် ““ပသတ်””ကိုသုံးပြီး အပြင်ကို ထိုးထွက်တဲ့သဘောဆိုရင် ““တသတ်”” သုံးတယ်လို့ ခွဲခြားမှတ်သားခြင်း ဖြစ်ပါတယ်။ ““သစ် ငုတ်”” ဆိုရင် အပြင်ကို ထိုးထွက်နေတဲ့သဘောဖြစ်လို့ တသတ်နဲ့ ငုတ်ပြီး ““ရေငုပ်”” ဆိုရင်တော့ ရေအောက်အတွင်းထဲ၀င်ရောက် တာဖြစ်လို့ ပသတ်နဲ့ ငုပ် ပါတယ်။ ““အ၀တ်စုတ်သည်၊ စက်္ကူစုတ် သည်”” ဆိုရင်တော့ အပြင်ဘက်ကို စုတ်ပြဲတဲ့သဘောဖြစ်ပြီး ““ရေ စုပ်သည်”” ဆိုရင်တော့ ရေကို အတွင်းကို စုပ်ယူတဲ့သဘော ဖြစ်ပါ တယ်။ ““ဆုတ်”” ဆိုရင်လည်း အပြင်သဘောဖြစ်ပြီး ““ဆုပ်ကိုင်၊ လက်သီးဆုပ်”” ကျတော့ အတွင်းသဘောဖြစ်ပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေ အခုနောက်ပိုင်းမှာ အများဆုံး မှားလာကြတဲ့ အမှားကတော့ ““ပတ်သက်””ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ ““ပတ်သက်””ကို တသတ်၊ ကသတ်အစား တသတ် နှစ်ခုစလုံးသုံးပြီး ““ပတ်သတ်””လို့ ရေးတာတွေ၊ ကသတ် နှစ်ခုစလုံး သုံးပြီး ““ပက်သက်””လို့ ရေးတာမျိုးတွေ၊ တသတ်နဲ့ ကသတ် နေရာလွဲပြီး ““ပက်သတ်””လို့ ရေးတာမျိုးတွေကို မကြာခဏ တွေ့ လာရပါတယ်။ ဒီလိုအမှားမျိုးတွေကတော့ စကားပြောရာမှာ မပီ မသ ပြောရာကတစ်ဆင့် အရေးမှာပါ လိုက်မှားယွင်းလာတာ ဖြစ် ပါတယ်။
အပြောမှာ မပီမသပြောဆိုတဲ့အတွက် အရေးလိုက်မှားတဲ့ အမှားမျိုးကို ““ဆ”” နဲ့ရေးတဲ့ စကားလုံးတွေမှာ အများအပြား တွေ့လာရပါတယ်။ အပြောမှာ ““ဆ”” သံကို ““စ”” သံနဲ့ မပီမသ ပြောရာကတစ်ဆင့် အရေးမှာပါ လိုက်မှားယွင်းလာကြပါတယ်။ ““ဆောက်လုပ်ရေး””ကို ““စောက်လုပ်ရေး””၊ ““စစ်ဆေး””ကို ““စစ်စေး””၊ ““ဆောင်ရွက်””ကို ““စောင်ရွက်””၊ ““ဆူဆူပူပူ””ကို ““စူစူပူပူ”” စသဖြင့် ရေးသားလာကြပါတယ်။ အလားတူပဲ ““သ”” သံကို ““တ”” သံနဲ့ မပီမသ ပြောဆိုရာက စာရေးရာမှာလည်း စာလုံးပေါင်းတွေ မှားယွင်းလာကြပါတယ်။ ““သေချာ”” ကို ““တေချာ””၊ ““သန့်ရှင်း”” ကို ““တန့်ရှင်း””၊ ““သက်သာ”” ကို ““တက်တာ”” စသဖြင့် မှားယွင်းရေးသား ကြတာကို တွေ့ရပါတယ်။
မြန်မာစာဖြေဆိုရာမှာ ကျောင်းသူ၊ ကျောင်းသားတွေ မှား လေ့ရှိတဲ့ စာလုံးပေါင်းတွေထဲမှာ အသေးအဖွဲလို့ယူဆပြီး အမှတ် မထင်မှားတဲ့အမှားမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအမှားမျိုးတွေထဲ က တစ်ခုကတော့ ““ပဲ”” နဲ့ ““ဘဲ”” အရေးအသားမျိုး ဖြစ်ပါတယ်။
““ထမင်းကို စားရုံပဲစားခဲ့သည်””ဆိုတဲ့ အရေးအသားမျိုး၊ ““မြန်မာ လူမျိုးတို့သည် ထမင်းမစားဘဲ မနေနိုင်ပါ”” ဆိုတဲ့ အရေးအသား မျိုးတွေမှာပါတဲ့ ““ပဲ”” နဲ့ ““ဘဲ”” တို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအသုံးတွေမှာ ““ပဲ”” ရဲ့ အနက်က အမှန်စင်စစ်ဆိုတဲ့ အနက်ဖြစ် ပြီး ““ပင်၊ ပင်လျှင်””တို့လိုပဲ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ““ဘဲ”” ကတော့ ဆန့်ကျင်ဘက်အနက်၊ ငြင်းပယ်ခြင်းအနက်ဖြစ်ပြီး မနဲ့ တွဲသုံးရပါတယ်။ ဒါကြောင့် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ဝါကျတွေကို ရေးသားဖြေဆိုရာမှာ ကြိယာကို အငြင်းပြအဖြစ် ““မ”” နဲ့ တွဲသုံးတော့မယ်ဆိုရင် ဘကုန်းနောက်ပစ် ““ဘဲ”” ကို အသုံး ပြုရမှာ ဖြစ်ပါတယ်။ ““မပြောဘဲ””၊ ““မဆိုဘဲ””၊ ““မလုပ်ဘဲ””၊ ““မကိုင် ဘဲ”” စသဖြင့် ရေးသားရမှာ ဖြစ်ပါတယ်။
ယပင့်နဲ့ ရရစ်များဟာလည်း ကျောင်းသူ၊ ကျောင်းသားတွေ အမှားများတဲ့ စာလုံးပေါင်း သတ်ပုံတစ်မျိုးပဲ ဖြစ်ပါတယ်။ သာဓက အနေနဲ့ ““ကျေနပ်သည်၊ အစာကြေသည်”” ဆိုတဲ့ စကားလုံးမျိုးမှာ ““ကြေနပ်သည်”” ကို ရရစ်နဲ့ကြေပြီး ““အစာကျေသည်”” ယပင့်နဲ့ကျေ ကာ လွဲမှားစွာ ဖြေဆိုလေ့ရှိကြပါတယ်။ ယပင့်ကျေဟာ အများ အားဖြင့် အကောင်အထည်မရှိတဲ့ ဒြပ်၀တ်္ထု အစိုင်အခဲမရှိတဲ့ အရေးအရာတွေ ကုန်ဆုံးပျောက်ကွယ်တဲ့သဘောဖြစ်ပြီး ရရစ် ကြေကတော့ အများအားဖြင့် အကောင်အထည်ရှိတဲ့ ဒြပ်၀တ်္ထု အစိုင်အခဲရှိတဲ့ အရေးအရာတွေ မှုန့်မှုန့်ညက်ညက်ဖြစ်တဲ့ သဘော ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ““တာ၀န်ကျေသည်၊ ကျေနပ်သည်၊ ကျေလည်သည်၊ ကျေအေးသည်”” စသဖြင့် ယပင့်နဲ့ ရေးသားရမှာ ဖြစ်ပြီး ““အစာကြေသည်””၊ ““ငလျင်ဒဏ်ကြောင့် အဆောက် အအုံ များ ကြေမွပျက်စီးသည်”” စသဖြင့် ရရစ်နဲ့ရေးသားရမှာ ဖြစ်ပါ တယ်။
ပါဠိသက်စကားလုံးတွေ၊ ပါဠိသက် အဆင့်စကားလုံးတွေဟာ လည်း သေသေချာချာ မှတ်သားမထားရင် စာလုံးပေါင်းမှားယွင်းစေ ပါတယ်။ ““အာရုဏ်ဦး””လို့ ပြောတာဖြစ်ပေမဲ့ ရေးတဲ့အခါမှာ ““အရုဏ်ဦး””လို့ ရေးချမပါဘဲ ရေးရမှာဖြစ်ပါတယ်။ တစ်ဖန် ““အဟာရ”” လို့ ရေးချသံမပါဘဲ ““အ”” သံနဲ့ပြောပေမဲ့ ရေးတဲ့အခါမှာ တော့ ရေးချထည့်ပြီး ““အာဟာရ””လို့ ရေးရတာ ဖြစ်ပါတယ်။ ဥက်္ကဋ္ဌတို့၊ အဋ္ဌမတို့ဟာ အဆင့်စကားတွေဖြစ်လို့ အဆင့်စကားဖြစ် တဲ့ ““ဋ္ဌ”” နဲ့ ရေးရမှာ ဖြစ်ပါတယ်။ အဆင့်မပါဘဲ ဥက်္ကဌတို့၊ အဌမ တို့ရေးရင် စာလုံးပေါင်း မမှန်ပါဘူး။ အပြန်အလှန်အားဖြင့် ““ဌာန”” တို့၊ ““သူဌေး”” တို့ကို အဆင့်စကားလုံးဖြစ်တဲ့ ““ဋ္ဌ”” နဲ့စာလုံး ပေါင်းပြီး ““ဋ္ဌာန””၊ သူဋ္ဌေး”” လို့ရေးရင် စာလုံးပေါင်းမမှန်ပါဘူး။ ““ဂရုဏာ””တို့၊ ““ဂတိ””တို့မှာ ““ဂ”” သံနဲ့ အသံထွက်ပေမဲ့ ရေးတဲ့ အခါမှာ ““ကရုဏာ””၊ ““ကတိ”” ဆိုပြီး ကကြီးနဲ့ ရေးရမှာ ဖြစ်ပါတယ်။ ““လားရာဂတိ”” ကတော့ ဂငယ်နဲ့ ရေးရပါတယ်။
စာလုံးပေါင်းအမှားအယွင်းနည်းအောင် လေ့လာရာမှာ သုဒ်္ဓနဲ့ ကာရိုက် တွဲမှတ်တဲ့နည်းဟာလည်း ထိရောက်အကျိုးရှိတာကို တွေ့ ရပါတယ်။ ““သုဒ်္ဓ”” ဆိုတာက ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းပြကြိယာ တွေဖြစ်ပြီး ““ကာရိုက်”” ဆိုတာကတော့ ပြုစေခြင်း၊ ဖြစ်စေခြင်း၊ ရှိစေခြင်းကိုပြတဲ့ ကြိယာတွေ ဖြစ်ပါတယ်။ ““ကျ””အောင် ““ချ””၊ ““ကျုံ့””အောင် ““ချုံ့””၊ ““ကြေ””အောင် ““ခြေ””၊ ““ကြွေ””အောင် ““ခြွေ””၊ ““ကြောက်””အောင် ““ခြောက်””၊ ““ပြေ””အောင် ““ဖြေ””၊ ““ပျက်”” အောင် ““ဖျက်””၊ ““ပြို”” အောင် ““ဖြို”” စတဲ့ အတွဲတွေဖြစ်ပါတယ်။ သုဒ်္ဓ ကာရိုက်အတွဲတွေမှာ တစ်ခုရဲ့ စာလုံးပေါင်းအမှန်ကို သိရင် ကျန်တစ်ခုရဲ့ စာလုံးပေါင်းကို မှားစရာအကြောင်းမရှိတော့ပါဘူး။ သုဒ်္ဓမှာ ယပင့်ဆိုရင် ကာရိုက်မှာလည်း ယပင့်၊ ကာရိုက်မှာ ယပင့် ဆိုရင် သုဒ်္ဓမှာလည်းယပင့်၊ ရရစ်ဆိုရင်လည်း နှစ်ခုစလုံးမှာ ရရစ် ဖြစ်လို့ အလွယ်တကူ မှတ်သားနိုင်မှာ ဖြစ်ပါတယ်။
စာလုံးပေါင်းသတ်ပုံမှန်ဖို့ လေ့လာနိုင်တဲ့ တခြားနည်းနာတွေ လည်း ရှိပါသေးတယ်။ တက်္ကသိုလ်၀င်တန်း ကျောင်းသူ၊ ကျောင်း သားတွေအနေနဲ့တော့ အခုဖော်ပြခဲ့တဲ့ အခြေခံသဘောတရား လောက်ကိုမှတ်သားပြီး စာလုံးပေါင်းသတ်ပုံမမှားအောင် လေ့လာ ဆည်းပူးသွားကြရမှာ ဖြစ်ပါတယ်။ တက်္ကသိုလ်၀င်တန်းကျောင်းသားတစ်ယောက်အနေနဲ့ မြန်မာစာလေ့လာရာမှာ မြန်မာစာအဖွဲ့က ပြုစုထုတ်ဝေထားတဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကိုတော့ လက်စွဲအဖြစ်နဲ့ ကိုင်ဆောင်ထားကြဖို့ လိုအပ်ပါတယ်။ အမှန်က တော့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကိုသာမက မြန်မာအဘိဓာန် စာအုပ်ကိုလည်း လက်စွဲပြုသင့်ပါတယ်။ အင်္ဂလိပ်စာလေ့လာရင် အဘိဓာန်စာအုပ် လိုအပ်သလို မြန်မာစာလေ့လာရင်လည်း စာလုံး ပေါင်းသတ်ပုံနဲ့ မြန်မာအဘိဓာန်စာအုပ်တွေဟာ အမှန်တကယ် လိုအပ်တဲ့ စာအုပ်တွေပါပဲ။
တက်္ကသိုလ်၀င်တန်း စာမေးပွဲအောင်စာရင်းတွေ ထွက်ရှိပြီး တဲ့နောက်မှာ ကျောင်းသူ၊ ကျောင်းသားတွေဆီက ကြားရလေ့ရှိ တာကတော့ မြန်မာစာဂုဏ်ထူးမှန်းထားပေမဲ့ မရဘူး၊ မြန်မာစာ အမှတ်မှန်းထားသလောက် မရဘူး ဆိုတဲ့စကားတွေပဲ ဖြစ်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုရာမှာ အများအားဖြင့် ကျက်မှတ်ထားသမျှကို ပြန်လည် ရေးသားဖြေဆိုနိုင်တာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ မေးခွန်းနဲ့ အံ၀င်ခွင်ကျဖြစ်အောင် ဖြေဆိုနိုင်မှုနဲ့ စာလုံးပေါင်းသတ်ပုံမှန်ကန် မှုတွေကိုတော့ ဂရုပြုလေ့ မရှိကြပါဘူး။ အခု ဆွေးနွေးတင်ပြခဲ့တဲ့ အတိုင်း အမှတ်မထင် စာလုံးပေါင်းသတ်ပုံ မှားယွင်းမှုကလေးတွေ ဟာ မိမိရဲ့ရမှတ်ကို ဆုံးရှုံးနိုင်စေတယ်ဆိုတာ သတိမူရမှာ ဖြစ် ပါတယ်။ ဒါကြောင့် မြန်မာစာရေးသားဖြေဆိုရာမှာ စာလုံးပေါင်း သတ်ပုံမှန်ကန်အောင်အလေးအထားပြီး မျှော်မှန်းတဲ့ရမှတ်များ ရရှိဖို့ ကြိုးစားကြဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။
ဒေါက်တာအောင်မြင့်ဦး
Academic Weekly Educational Journal
(ကျောင်းသားလက်စွဲ)
Vol 3, No 47
22.11.2018
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
#ပညာပြည့်ဝနှလုံးလှလောကအလှဆင်ကြမည်... ...
ကိုယ့်အထင်နဲ့ကိုယ်😂
============
တစ်ခါက ရွာတစ်ရွာမှာ နားထိုင်းနေသူတစ်ဦး ရှိပါတယ်။
💚 နားထိုင်းသူရဲ့ သဘာဝ သူများတွေနဲ့ဆက်ဆံတဲ့အခါမှာသူများက အတည့်လို့ ပြောပေမယ့် သူက အစောင်းလို့ ကြားချင်ကြားတတ်တာပေါ့ ။
ဒါပေမယ့် သူ့ကိုယ်သူ နားထိုင်းတစ်ယောက် အထင်ခံရမှာကိုလည်း သူကရှက်တတ်သေးတယ်လေ။🤫
တစ်နေ့ သူ့အသိ အမျိုးသမီးကြီးတစ်ယောက် နေထိုင်မကောင်းဖြစ်နေတယ်ကြားလို့ လူနာသတင်းမေးသွားဖို့အကြောင်းပေါ်လာပါတယ်။
မသွားခင် သူတစ်ခုစဉ်းစားကြည့်တယ်။🤔
သူက နားထိုင်းသူဆိုတော့ သတင်းမေးတဲ့အခါ အဆင်မပြေဖြစ်နိုင်စရာရှိတယ်လို့ပေါ့။🤔
ကိုယ်ကမေးတာကို လူနာက ပြန်ဖြေတဲ့အခါ နားလေး ပါးလေးနဲ့ဘာမှန်းမသိလို့ တလွဲတွေကြားမိရင်အခက်။😉
ဒါကြောင့်
ပွဲမဝင်ခင် အပြင်မှာအရင်ကျင့်ဆိုသလို သူဘယ်လိုမေးရင် ဟိုကဘယ်လိုဖြေနိုင်မလဲဆိုတာကို အရင်စဉ်းစားပြီးလေ့ကျင့်ရတာပေါ့။
🤔 " အင်း..ငါက နေကောင်းသက်သာရဲ့လားအရင်ဆုံးမေးမယ်..ဟိုကဘယ်လိုဖြေနိုင်မလဲ.. "???
ဝတ်ကျေတန်းကျေ ..."သက်သာပါတယ်"လို့ ပြန်ပြောမှာဘဲ။ အဲဒီအခါကျ ငါကလဲ " ဒီလိုကြားရတာဝမ်းသာပါတယ်" လို့ ပြန်ပြောရုံပေါ့
🧐 " အဲ..နောက်တစ်ခါ " ဘာဆေးတွေသောက်ရသလဲ"..ထပ်မေးမယ်.."
"ဒါဆိုရင် သူက သူသောက်နေရတဲ့ဆေးတွေ ဘာတေ ညာတွေဆိုတာ ပြန်ပြောမှာဘဲ.."
"အဲဒီတော့ ငါက
"ကောင်းတယ်..ကောင်းတယ်"..အဲဒီဆေးဘဲဆက်သောက်ဆိုပြီး ဖောရှောလိုက်ပေးလိုက်ရုံပေါ့ .. "
🤔 " နောက်ဆုံးမှာ ဘယ်ဆရာနဲ့ကုနေသလဲ မေးကြည့်မယ်..
ဒါဆို သူကလည်း ဘယ်သူဘယ်ဝါ ပြောမှာဘဲ..ဒီတော့ငါက "ဟုတ်တယ်..အဲဒီဆရာသိပ်တော်တယ်..သူနဲ့ ယုံယုံကြည်ကြည်ဆက်သာကု" လို့ပြောလိုက်မယ်.."
"ဒီလောက်ဆိုပြည့်စုံပါပြီ..ဒါဆို ငါ့ကို နားထိုင်းတယ်လို့လည်း ထင်ကြတော့မှာမဟုတ်ဖူး..ငါလည်း ဟန်ကိုယ့်ဖို့ လုပ်နိုင်သွားတာပေါ့ လေ"😎
😘 သူ့အတွေးနဲ့သူကတော့ ဟုတ်နေပါတယ်။ ဒါနဲ့ပဲ လူနာသတင်းမေးဖို့ သွားပါတော့တယ်။
လူနာဆီကို ရောက်တဲ့အခါ လူနာအမျိုးသမီးကြီး အနားကိုတိုးကပ်သွားပြီး ...
" ဘယ်လိုလည်း..နေကောင်းသက်သာရှိရဲ့ မဟုတ်လားအစ်မကြီးရယ် "
😩 " မသက်သာလှပါဘူးကွယ် တစ်နေ့ တစ်နေ့နဲ့ သေမယ့်ရက်ကိုဘဲ စောင့်နေရတယ်... "
ဒီလိုဖြေတာကို ကိုနားထိုင်းက မသိလိုက်ဖူး။ နဂို သူတွေးထားတဲ့အတိုင်းပဲ ဖြစ်မှာပါ ဆိုပြီး ...
🤗 " ဟား..ဒီလိုကြားရတာဝမ်းသာလိုက်တာဗျာ "😂
" အခု ဘာဆေးတွေများ သောက်နေပါလိမ့်ဗျာ .. "
🤨 လူနာအမျိုးသမီးလည်း စိတ်ချဉ်ပေါက်ပေါက်နဲ့
😫 " အဆိပ်တွေသောက်နေတယ်ဟေ့.. "
😮 " ဟာ သိပ်ကောင်းတယ်ဗျို့ ..အဲဒီဆေးပဲ ဆက်သောက် "🤣
" အခု ဘယ်ဆရာနဲ့များ ကုနေသလဲဗျ"
😡 ဒီတစ်ခါ လူနာကမဖြေတော့ဘူး။ လူနာရဲ့ညီမဖြစ်သူကဆောင့်ကြီး အောင့်ကြီးနဲ့ ငေါ့ပြီးဝင်ဖြေလိုက်တာက ...
☹ " သေမင်းနဲ့ကုနေတာရှင့်..သေမင်းနဲ့ကုနေတာ"😡
🤭 " ကောင်းပါ့ဗျာ..ကောင်းပါ့..အဲဒီဆရာသိပ်တော်တယ်..သူနဲ့သာ ယုံယုံကြည်ကြည်နဲ့ ဆက်ကုဗျိုး.. "🤣
နောက်ပြီးဘာဖြစ်သွားလည်းသိလာ့😛
😷🤧🥵😹😿 🔪🔪🔪🔪
26/07/2024
#ပညာရှိဆိုတာ
(၁)👁 မျက်စိ #ကြီးရမယ်။
(၂)👅 လျှာ #တိုရမယ်။
(၃)👂 နားရွက် #ရှည်ရမယ်။
(၁) 👁 မျက်စိ ကြီးရမယ်ဆိုတာ
မျက်လုံးကြီး မျက်လုံးပြူးတာကို
ပြောတာမဟုတ် အမြင်ကျယ်ရမယ်။
အကောင်းမြင်စိတ် ရှိရမယ်လို့ ဆိုလိုတာပါ။
(၂) 👅 လျာတိုရမယ်ဆိုတာ
ပကတိ လျှာတိုတာကို ပြောတာမဟုတ်။
မပြောသင့်တာကို မပြောတာ။
နေရာတကာ ဝင်မပါတာ။
စကားကို စည်းကမ်းရှိရှိနဲ့ မှန်ကန်တဲ့
စကားကို ပြောရမယ်လို့ ဆိုလိုတာပါ။
(၃)👂 နားရွက်ရှည်ရမယ်ဆိုတာ
တစ်ဖက်သားရဲ့ ပြောစကားကို နားထောင်ပေးရမယ်။
ကိုယ်ပြောချင်တာကို အတင်း ဇွတ်ပြောနေတာမျိုးမဟုတ်ပဲ တစ်ဖက်သားရဲ့ အမှားအမှန်စကားကို နားထောင်ပေးတတ်သူ ဖြစ်ရမယ်လို့
22/07/2024
သူ၏အကြိုက်၊ဆယ်ခါလိုက်လည်း၊မလိုက်တစ်ခါ၊ရှိခဲ့ပါမူ.......တဲ့။
Click here to claim your Sponsored Listing.
Contact the school
Website
Address
Dedaye
SHWE
Opening Hours
| Monday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |