VCFB

VCFB

Share

25/05/2026

တကြိမ် စူပါမန်း
‎ဆီထမင်း မလုပ်တတ်တော့ အမေ့ကို မေးကြည့်ရတယ်။

‎ကြက်သွန်အဖြူ၊ အနီ ဆီသတ်တဲ့။ အဖြူနဲ့လဲ ရတယ်တဲ့။ နံနွင်းက ထည့်မထည့်ရတယ်တဲ့။
‎ပြီးရင် ကောက်ညှင်းဆန် ရေဆေးတဲ့။ ဆီသတ်ထားတဲ့အထဲကို ဆေးထားတဲ့ ဆန်ထဲ့ပါတဲ့။
‎‌အထက်အောက်လှန် ပြီးရင် ရေနည်းနည်းထည့် အဖုံးအုပ်လိုက်ပါတဲ့။ အဲ့လိုနဲ့ အမေပြောတဲ့ အတိုင်းလုပ်တာ ပထမ တခါလုပ်ကြည့်တုန်းကတည်းက စားကောင်းလိုက်တာဆိုတာ အခုဆို တတိယ အကြိမ် ပိုကောင်းလာတယ်။

‎ရန်ကုန်မှာတော့ အမေ့ မီးဖိုချောင်က လိုအပ်တာ အကုန် ဝယ်ဖြည့်ထားတော့ ကုန်ဈေးနှုန်းလဲ မသိ။ နိုင်ငံခြား စရောက်ရောက်ခြင်း နေ့မှာပဲ လိုအပ်တဲ့ ခေါင်းအုန်း၊ ခေါင်းအုန်းစွပ်၊ ဆီ၊ ဆန်၊ ထမင်းပေါင်းအိုး အကုန်လိုအပ်တာ ဝယ်ရတယ် စီမံရပါတော့တယ် အကုန်လုံး ကိုယ့်လက်ကိုယ့်ခြေကြီးပဲ။

‎မိသားစု မေတ္တာကို အနီးကပ် ခံစားရတော့ သိပ်ကြီးမာတဲ့ထုထည်ကို သိနေပေမယ့် လျော့တွက်မိတယ်။ ကျနော်တို့ မိသားစုက အရမ်းချစ်တော့ အင်မတန်စိတ်ပူတတ်တယ်။ ညဘက် လက်ဖက်ရည်ဆိုင်ထိုင်ရင်းလဲ မကြိုက်ဘူး။ ၁၀တန်း အောင်စာရင်းထွက်ဖို့ ၂လလောက် အလိုမှာ ၁၅၀၀တန် ဆင်းကဒ်ပေါက်တယ် ၀၉၃၁၀၅၆၁၄၆ ဖုန်းလေးက CDMA 8813 Huawei လေးပေါ့။ အဲ့တုန်းက နောက်ဆုံးပေါ်ပေါ့။ ပါးပါးက သူကားဆွဲလို့ ရတဲ့ ပိုက်ဆံရယ်။ အမေရဲ့ ဈေးရောင်းပြီး စုထားတဲ့ ပိုက်ဆံလေးတွေ စုပြီး ၂သိန်း ၁သောင်းနဲ့ အဲ့တုန်းက ကိုင်ခဲ့ရသေးတယ်။ ဖုန်းရတော့ အမေတို့နဲ့ အဆက်သွယ် မပြတ်ပဲ တခုခုဆို လှမ်းပြောရတော့တာပါပဲ။ တနေ့တော့ ကျနော် ဖုန်းမကိုင်ပဲ ပါဝါပိတ်လိုက်တယ်။ ဖြစ်ပုံက ဒီလို။

‎ငယ်ရွယ်တုန်း အရွယ် ၁၆၊ ၁၇ ကအတော် ကသိကအောင့်နိုင်တယ်။ ကိုယ်လုပ်သမျှ အမှန်၊ ကိုယ်ပြောသမျှအဟုတ်၊ ကိုယ်သိ၊ ကိုယ်တတ်အရွယ်ပေါ့။ တနေ့ ကျနော် ဘဝရဲ့ပထမဆုံး Night Out ထွက်ဖို့ ဖြစ်လာပါတယ်။

‎သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ထိုင်ရင်းနဲ့ ဘီးကျဲ တဗွေက သူ့အတွေ့အကြုံကို ပြောပြပါတယ်။ လှည်းတန်း မီးပွိုင့်ကနေ ထောက်ကြံ့အထိ Hilux ကားပေါ်ကနေ စီးရတဲ့ ဖီလ်က စူပါမန်းပျံနေသလိုပါပဲတဲ့။ တယ်ဟုတ်ပါလားပေါ့။

‎ကိုယ်တွေ ရပ်ကွက်က အရင်က မထသ‌ ခေတ်နံပတ် ၃ဆိုတဲ့ သင်္ဘောကျင်းကနေ မြို့ထဲ ၆ထပ်ရုံးရှိတဲ့ နေရာထိ လမ်းကြောင်းဆွဲတော့ Hilux ဆိုတဲ့ ကားကို ရင်းနှီးပြီးသားပေါ့။ အမေနဲ့လက်ပံတန်းက အဘွား‌လေးဆီ သွားတဲ့ အခါ၊ ပါးပါးနဲ့ ကျိုက်ထိုက သစ်ချတောင်မှာ ကိုရင်ဝတ်တုန်းကလဲ အဲ့ဟိုင်းလက်ကိုပဲ ကားခေါင်းခန်းရော ‌အနောက်မှာရော စီးဘူးတယ်လေ။
‎ဒါပေမယ့် သူပြောသလို စူပါမန်းလိုပဲကတော့ အထူးအဆန်းပဲ။
‎အဲ့ညမှာတော့ သူငယ်ချင်း ၃ယောက် အဲ့လူကြီး အပါဝင် ၄ယောက် တယောက်မျက်နာ တယောက်ကြည့်ပြီး ဒီလောက်ဆို တိုင်ပင်ဖို့ မလိုအပ်ပဲ သွားမယ်ဆိုတာ ကွန်ဖန်းပြီလေ။ အဲ့ဒါနဲ့ ယမှုံလှ်ိုင်းကထွက် ည၉နာရီကြီး ရပ်ကွက်ကနေ ၁၅မိနစ်လျှောက်ရတဲ့ လှည်တန်းမီးပွိုင့်ဆီ လျှောက်ခဲ့ကြပါတော့တယ်။ အဲ့တုန်းက လှည်းတန်းမှာ ညဆိုရင် ပွဲဈေးကြီးလိုပါပဲ။ ညဘက်မှာ မဟုတ်ပါဘူး ၂၀၁၃ခုနှစ်မှာ ဘယ်အချိန် ထသွားသွား လှည်တန်းကြီးမှာ လူတွေ ရှုပ်ပွနေတာပါ။
‎ကိုယ်တွေ အဲ့အရွယ်မှာ လုပ်နေကြအရာတခုရှိတယ်။ သူငယ်ချင်းထဲမှာ ဖဲနိုင်ရင်၊ ဖုန်းဝယ်ရင်၊ ရည်းစားရရင်၊ ဘောပွဲ နိုင်ရင်၊ မွေးနေ့ ရှိရင် လူစုပြီး ဦးထွန်းလင်းခြံလမ်းထဲက ရွှေဆိုတဲ့ ဒေါင်ကို သွားတာပါပဲ။ ငွေအရွမ်းရွှင်နေကြရင် Marlboro အနီလေးကိုင်ပြီးသွားကြတာပေါ့။

‎ပြန်မရနိုင်တဲ့ စူပါမန်းအကြောင်းက ဒီလိုဗျ။
‎အဲ့ဟိုင်းလတ်ကားအ‌‌ပေါ် ခေါင်းမိုးမှာ ကုန်ပစ္စည်းတင်ဖို့ ဝက်ခြံလို့ခေါ်တဲ့ သံဇကားအကြီးကြီးရှိတယ်။ ဘေးဘောင်းတွေ တော့ ပါတာပေါ့။ တခုရှိတာက အဲ့နေရာက ကုန်ပစ္စည်းတင်ဖို့ထားတဲ့ နေရာဆိုတော့ တကယ်တော့ လုံခြုံမူက ၁၀၀မှာ ၁၀ရာခိုင်နှုန်းပဲ။ ၁၀ရာခိုင်နှုန်းကလဲ ခုနက ကုန်တွေ တင်တဲ့အခါ ငြိမ်အောင် ထည့်ပေးတဲ့ အကာသဘောမို့ တကယ်တော့ လုံး၀ ဇီးရိုး လုံခြုံမူပေါ့။
‎မှော်ဘီကနေ တင်လာတဲ့ ကုန်တွေက များသောအားဖြင့် အောင်သပြေပန်းတွေနဲ့ အခြားသောအသီးအနှံတွေပါတတ်တယ်။
‎အဲ့လိုနဲ့ အင်စိန်ကားလမ်းမ‌‌က လှည်းတန်းမော်တော်ပီကယ်ရုံးအရှေ့မှာစောင့်ရင် ကုန်မပါတဲ့ ကားလာတော့ စပယ်ယာကို ကျနော်တို့ အပေါ်က ဝက်ခြံကလိုက်မယ် ပြောပါတယ်။ မင်းတို့ ကလေးတွေ အဲ့အပေါ်တက်လိုက်လို့မရဘူးတဲ့။ အဲ့တုန်းက လူပျိူဖြစ်ခါစဆိုတော့ အရပ်ကလဲ မရှည် ခန္ဓာကိုယ်က သေးတော့ စပါယ်ယာကြီးလဲ ကလေးတွေ အန္တရယ်များတယ်ပေါ့။ ကျနော်တို့ စီးဖို့လာတာ မရတော့ စပါယ်ယာကြီးကိုအကျိုးအကြောင်းပြောတော့ သူလဲ ပြောမရတာနဲ့ သေချာမှာပါတယ်။ ကားက ဒုံးပျံလိုမောင်းလို့ မင်းတို့ သေချာတော့ ကိုင်ထားနော်တဲ့။ ဒါကျနော်တို့ မြန်မာလူ့အဖွဲ့အစည်းရဲ့ ချစ်စရာအလေ့အထတခုပါပဲ။ ကိုယ့်ထက်ငယ်တဲ့ ချာတိတ်တွေဆို ဂရုတစိုက်ရှိကြတယ်လေ။

တကယ်တော့ လှည်းတန်းကနေ သမိုင်းလမ်းဆုံးထိ အင်းစိန်လမ်းမ အတိုင်းမောင်းလာတာ ငြိမ်နေတာပဲ စီးလို့အတော် ကောင်းပါတယ်။ မှတ်တိုင်တွေကလဲ များတာကို။ အဲ့ကနေ အင်းစိန်လမ်းအဆုံး GTI ကျောင်းအကျော် လမ်းကြားကနေဖြတ်ပြီး ပြည်လမ်းမပေါ်က စော်ပွါးကြီးကုန်း မှတ်တိုင်ကနေ မောင်းလိုက်တာ ထောက်ကြံ့အထိ ကြားမှတ်တိုင်ပါမှ
‎ရပ်‌‌ပေးတော့ ကားဆရာကြီးမောင်းချက်က ဟိုဘီးကျဲပြောသလို တကယ် စူပါမန်းပျံသလိုပါပဲ။ ‌
‎ဆောင်းဝင်ခါနီးအချိန်ဆိုတော့ မင်္ဂလာဒုံဘက်က သစ်ရိပ်ကောင်းတော့ တိုက်တဲ့ လေကလဲအေးတာကတမျိုး၊ ကားရဲ့အရှိန်ကို မသိပေမယ့် လေယာဉ်ပေါ်က ဒိုင်ပင်ထိုးချရင် ပါးစပ်တွေထဲ လေဝင်ပြီး ပါးရေတွေကတွန့် သရေတွေပါ ကျတော့ တကယ်ကို စူပါမန်းဖြစ်ခဲ့ပါသေးတယ်။ အဲ့လိုနဲ့ထောက်ကြံရောက်ခါနီးမှာ ပါးပါးဖုန်းနံပတ်နဲ့ ဝင်လာပါတယ်။ အချိန်က၁၁နာရီထိုးနေပြီး‌လေ ကျနော် အိမ်ပြန်ရောက်ရမယ့် လစ်မစ် အတော်ကျော်နေပြီလေ။ ကျနော် ဖုန်းမကိုင်တော့ပါဘူး။ လုပ်ချင်တာလုပ်ပြီး အိမ်က စိတ်ပူမှာကို မေ့နေပေမယ့် အဖေဖုန်းကြီးဝင်လာတော့ ကြံမိကြံရာနဲ့ ဖုန်းပါဝါပိတ်ပြီးနေလိုက်ပါတော့တယ်။
‎ပထမတော့ စီးကောင်းကောင်းနဲ့ မှော်ဘီထိလိုက်သွားကြမလို့ပါပဲ။ နောက်တော့ ကျနော်ကို အနွံတာခံတဲ့ သူငယ်ချင်း‌တွေ ကျနော် ပြန်မှရတော့မယ်ဆိုတာ သိကြလို့ ထောက်ကြံ့ရောက်တော့ ဆင်းကြ ပြီး‌တော့ ဘိန်းမုန့်ဝယ်ပြီးပြန်လာပါတော့တယ်။
‎ကျနော် အိမ်က ၁၀တန်းအထိ တုတ်နဲ့ ရိုက်တတ်ပါတယ်။ အဲ့‌နေ့က ကျနော် သိနေတာ အိမ်ရောက်ရင်တော့ အရိုက်ခံရတော့မယ်ပေါ့။ အမေတို့ရိုက်ရင် အသားမနာပါဘူး ဒါပေမယ့်လည်း ချစ်တဲ့မိဘက ရိုက်တော့ စိတ်ထဲ မကောင်းဘူးလေ။ လူငယ်ဆိုတော့ ဘေးအိမ်တွေကြား‌ တော့ ရှက်တာလဲ ပါတာပေါ့။ အိမ်အရှေ့ရောက်ခါနီးမှာ ပါးပါရော အမေရော အိမ်ရှေ့ထွက်စောင့်နေလေရဲ့ ကျနော် အဲ့နေ့က အရိုက်ခံရပါတယ်။ ဒါပေမယ့် အဲ့နေ့က တုတ်နဲ့ ရိုက်ခံရတာ နောက်ဆုံးပါပဲ။ အမေက ပြောတယ် ဆက်သွယ်လို့ရအောင် ဖုန်းဝယ်ပေးတာ ဘာလို့ မကိုင်တာလဲတဲ့ မင်းအဲ့လိုလုပ်နေရင် ဖုန်းဝယ်ပေးထားတာ မထူးဘူးတဲ့ ဖုန်းကို နောက်နေ့မကိုင်ရဘူး ဘုရားစင်ပေါ်တင်တဲ့ ပြီးတော့ အဒေါ်က ဆယ်တန်းအောင်လို့ ဝယ်ပေးထားတဲ့ ခမဲ မောင်ကွင်းလေးရော မဝတ်ရဘူးဆိုပြီး ပြောပါတယ်။ ဒါပေမယ့်ကျနော်အိမ်က စိတ်ဆိုးတုန်းပဲ ပြောတာသိတော့ ကျနော် နောက်နေ့ တင်ထားတဲ့ ဘုရားစင်ပေါ်က ဖုန်းကိုယူ လက်စွပ်လေး ညာလက်ခလယ်ဝတ်ပြီး နောက်နေ့ လက်ဖက်ရည်ဆိုင် မှာ မနေ့က အစော်ခံရတဲ့ အမှတ်တရ တွေနဲ့ စူပါမန်းအကြောင်း ဖောက်သည်ချရပါတယ်။ နောက် တက္ကသိုလ်ရောက်တော့ အမေက ဆုံးမရင် နားဝင်အောင်ပဲ ပြောပါတော့တယ်။
‎အမေ့မှာနေကျ စကားတခွန်းရှိတယ်။
‎ပြောမှသိ ထိမှာ‌နာ သာမှနေ သေမှခင်
‎ဤလေးအင် လူတွင်မကျင့်ရတဲ့။
‎သားငယ်တဲ့ အမေတို့မှာ မင်းတခုခုဖြစ်ရင် လိုက်ရှင်းဖို့ ခက်ခဲတယ်တဲ့ ယောကျာ်လေးဆိုတာ ကိုယ့်လုပ်တာ ကိုယ့်တာဝန်ယူရမယ့် အန္တရာယ်ဆိုတာ မဖြစ်ခင်က ရှောင်ကြဉ်တာအကောင်းဆုံးပဲတဲ့ သူတပါးအပေါ် မယုတ်မာရဘူးဆိုတဲ့ စကားတွေကို ခုထိ လိုက်နာ ကျင့်သုံးနေဆဲပါပဲ။

‎(၅)

19/05/2026

‎ယုန်ကလေး ပေးတဲ့ နို့ကြော်နည်း

‎ဆယ်တန်းပြီးခါစမှာ လက်ဖက်ရည်ဆိုင်ကို အကြောင်းမရှိ အကြောင်းရှာ ကြာရှည်ထိုင်ခဲ့ဖူးပါတယ် ကာလတခုကြာအောင်ပေါ့။
‎ကိုယ်နေတဲ့ အိမ်နဲ့ ၅မိနစ်ပဲ ဝေးတဲ့ ယမှုံလှိုင်းဆိုတဲ့ ဆိုင်မှာ မနက် ၈နာရီက ထိုင်လိုက်တာ ည ၁၂နာရီထိ။ ဆိုင်က ဆိုင်ရှင်တွေပိတ်ရင်တောင် ကိုယ်တွေက ဆိုင်စောင့်နေပေးတဲ့ နေ့တွေတောင်ရှိခဲ့ဖူးပါတယ်။ တခါတလေ မနက်ထဲက ထိုင်လိုက်တာ ဆိုင်ပိတ်ပြီး နောက်နေ့ သူတို့ ဆိုင်ဖွင့်တဲ့ အချိန်မှ ထပြန်တဲ့ နေ့တွေလည်းရှိသေးတယ်။
‎အိမ်က အမေပြောနေကျလိုပါပဲ ထမင်းစားချိန်နဲ့ အီးအီးပါတဲ့ချိန်ပဲ ပြန်လာတဲ့ ငါ့သားလေးတဲ့။
‎အီးအီးက နေရာတကာ မပါတတ်ဘူး‌လေ။ထားပါတော့လေ။
‎ဒီနေ့က ယုန်လေးဆိုတဲ့ ကလေးအကြောင်းပြောချင်တာ။
‎သူ့နာမည်အရင်က ရှိတယ် အောင်ပြည့်ဖြိုးတဲ့။
‎ကျနော်တို့ သူကို ယုန်လေးလို့ ခေါ်တာ သူက အရှေ့မှာ သွားထပ်နေတော့ အဲ့ သွားထပ်ကြောင့် သွားလေးက မသိမသာလေး ထွက်နေတာကို ကျနော်တို့က ယုန်‌နဲ့ တူလို့ ယုန်လေးလို့ ခေါ်ကြတာပါ။ နာမည်ပြောင်ပေါ့။
‎ဒီကောင်လေးနဲ့ ခင်တာ ကလည်း တမျိုးပေါ့ဗျာ။
‎ကျနော်က ရပ်ကွက်ထဲမှာ လူကြီး၊ လူငယ်၊ လူလတ်၊ ရွယ်တူ အကုန်လုံးနဲ့ သိတယ်။ တချို့ဆို ကျနော်ကို ရပ်ကွက် ဥက္ကဌလုပ်တဲ့။ အားလုံးနဲ့ သိတော့ ကောင်းတာလဲရှိသလို မကောင်းတာတွေလဲ ရှိတာပေါ့။
‎ဒါကလည်း လောက သဘာဝပဲမဟုတ်လား။

‎တနေ့ အဲ့ ယုန်လေး ကျောင်းက ပြန်လာတာ အချိုးမပြေလို့ဆိုပြီး ရပ်ကွက်အနီးက ဆိုးသွမ်းလူငယ်‌ တယောက်က လမ်းထိပ်က ဂုံပေါ်မှာ ရိုက်လိုက်တယ်ဗျာ။
‎အဲ့ရိုက်လိုက်တဲ့ ဆိုးသွမ်းလူငယ်ကို သူမသိဘူး။ ဒါပေမယ့် သူရိုက်ခံလိုက်ရတော့ အဲ့လူရဲ့မျက်နာမှတ်မိတယ်ဆိုပြီး သူ့မွေးစားအဒေါ်ကို ပြောတယ်။ ကျနော် ပြောတယ် မလား ကျနော်က မသိသူမရှိတဲ့ ငတိလေး။
‎အဲ့လို မျက်နာသိတာကို ကျနော် အိမ်ရှေ့က အဒေါ်ကြီးနဲ့ အဲ့ ရိုက်ခံလိုက်ရတဲ့ ယုန်လေးအဒေါ်က ဇာတိမြို့ကသူငယ်ချင်း‌တွေဆိုတော့ ကျတော် ဆီကို အဲ့ ယုန်လေးရော သူအဒေါ်ရော အိမ်ရှေ့က အဒေါ်ကြီးရော ရောက်လာပါရော။ သူ့ဖြစ်စဉ်ကို ပြောပြတော့ ကျနော်လဲ အဲ့ ဘဲကို မသိနေပါဘူး။ အဲ့တာနဲ့ ကျနော် ငယ်သူငယ်ချင်း တ ကောင်းကလည်း ဆိုးသွမ်းလူငယ်တယောက်တော့ မဟုတ်ပေမယ့် အဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်တော့ အဲ့ကောင်ကို ဖုန်းလမ်းဆက်လိုက်တော့ တန်းပြောတာပဲ။ ကျတော် ငယ်ပေါင်းက သူသိတယ်တဲ့။
‎အဲ့ကောင်နာမည်က "ဘိုတောက်"တဲ့။ အဲ့တာနဲ့ ရဲစခန်းမှာ အမှုဖွင့်ပြီး ရဲက လူငယ်တွေရန်ဖြစ်ရင် ရိုက်ကြတယ်ဆိုပြီ လျှော်လိုက်ပါတယ်။ ယုန်လေးကလဲ အများကြီးတော့ မထိခိုက်ပါဘူး။ မျက်ကွင်းညိုသွားရုံပါပဲ။ သူ့အဒေါ်က သူ့ရဲ့ တူလေးကို ချစ်လွန်းလို့ သူ့တူ ခံရတော့ စိတ်နဲ့ ချဲ့လိုက်တာပါ။ နောက်တော့လဲ ရဲအမှုဆိုတော့ သိတဲ့ အတိုင်း ရေမလောင်းတော့ မေ့မေ့ပျောက်ပျောက်ပါပဲ။
‎အဲ့လိုနဲ့ ယုန်လေးနဲ့ ကျနော် ခင်သွားကြတာပါပဲ။
‎ကျတော် ၁၀တန်းအောင်တော့ အဲ့ကောင်က ၇တန်းရှိပြီး။
‎ဒါပေမယ့် ကျနော်တို့ လက်ဖက်ရည်ဆိုင်မှာ ဟေးလားဝါးလားလုပ်ရင် သူက လာလာထိုင်ပါတယ်။ ကျနော်တို့ စည်းတခုထားတယ်။ အဲ့ကောင် ၁၀တန်း အောင်တဲ့ အထိ ဒီကလေး အရှေ့ ဆေးလိပ်မသောက်ခဲ့ကြဘူး။
‎ကျနော်တို့တော့ ၁၀တန်းအောင်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ကတည်းက ဆေးလိပ်ဟဲကြတာပဲ။

‎ယုန်‌ကလေး နို့ကြော်ဖြစ်လာတဲ့ ဇာတ်လမ်းက ဒီလိုပါ။
‎တနေ့ မနက်အစောကြီး အဲ့ကောင် နို့ထုပ်လေးဆွဲပြီး ကျတော်တို့ ထိုင်တဲ့ ဆိုင်ကို ဝင်ပြီး နှုတ်ဆက်တယ်။
‎အဲ့ဒါနဲ့ ကျနော်လဲ မေးတာပေါ့ ၉တန်း စာမေးပွဲနီးပြီးဆိုတော့ ငါ့ညီလေး အားအင်တွေ ဖြည့်နေတာပေါ့လေဆိုတော့။ မဟုတ်ဘူး ကိုတရုတ်တဲ့ ကျနော် အဒေါ်နို့ ကြော်မလို့ ကျနော် ဝယ်ခိုင်းလို့ ဈေးကနေ သွားဝယ်ပေးရတာပါတဲ့။
‎ကျနော်လဲ ထူးဆန်းသွားတယ်။ တခါမှ အဲ့အသက်အရွယ်တုန်းက နို့ကြော်ဆိုတာ တခါမှ မကြားဘူးဘူးလေး။
‎ဒီကောင်လေးတွေ ဇာတိက ထားဝယ်ကဆိုတော့ ထားဝယ်မီနူးထင်တာပေါ့။ အဲ့တာနဲ့ ရွှေယုန်ကလေးက ပြောသေးတယ်။ သူအဒေါ် နို့ကြော်က ဘယ်လောက်ကောင်းကြောင်။ သူတို့ အရပ်မှာလဲ အဲ့လို ကြော်ရောင်းတဲ့ ဆိုင်တွေတောင် ရှိတဲ့ အကြောင်းကျတော်ကို အမှန်အကန်ပြောတာပေါ့။ ကျနော်လဲ အရမ်းကို စားချင်နေတော့ မေးလိုက်ပါတယ်။ မင်းတို့ ဒေသ အစားစားဆိုတော့ ငါ့ကိုလဲ ချက်နည်းလေးပေးပါလားကွာ ငါ့လဲ ချက်စားချင်လို့ဆိုတော့ ရွှေယုန်းလေးပေးတဲ့ Recipe ကို ဝေမျှပေးပါ့မယ်။ အခု တော့ Cook Vlog တွေ ခေတ်စားနေ‌တော့ နို့ကြော်လုပ်နည်းရှိနေမှာပါ။
‎ကျနော်တော့ အဲ့တုန်းက လုပ်တာ မရလို့ 2015ထဲက အခုထိ တခါမှ ထပ်မလုပ်ဖြစ်တော့ပါဘူး။
‎နို့ကြော်
‎နွားနို့ -၅၀သား
‎ဆီ-၁၀သား
‎ကြက်ဥ-၅လုံး
‎ကြော်စရာ ဒယ်အိုး
‎ဒါပါပဲ။
‎တကယ်တော့ သူကလည်း‌ သေချာမသိတဲ့သူ ကျနော် မေးတာကို သူသိသလောက်‌ ပြောပြတာရယ် ကျနော်ကလည်း ဟင်းမချက်တတ်တဲ့ သူဆိုတော့ နည်းလမ်းက အစတည်းကလိုက်မလုပ်ခဲ့သင့်တာပါ။ သူပြောသလို နွားနို့နဲ့ ဆီနဲ့ ကြက်ဥ သပ်သပ်ကတော့ ဘယ်လိုမှ နို့ကြော်ဖြစ်ဖို့ လမ်းမရှိပါဘူး။ ဒါပေမယ့်လဲ ကျနော်က အစားသောက်ဆို မက်မက်တပ်တပ်ရှိတော့ နို့ကြော်ကို လိုက်လုပ်ဖြစ်ခဲ့ပါတယ်။
‎အဲ့နေ့က သူပြောတာကို ကျနော် လုပ်ခဲ့ပုံပြောပြပါ့မယ်။ ပထမဆုံး ဆီထည့်ပါတယ်။ ဆီထည့်ထားလို့ ဆီတွေပူလာတဲ့ အချိန် ကြက်ဥကို‌ မွှေထားတာ ဖောက်ထည့်ပါတယ်။ နောက် ကြက်ဥကြော်အပေါ်ကို နွားနို့ထည့်လိုက်ပါတယ်။
‎ဘယ်မလဲ နို့ကြော်။

‎အဲ့တာကို မိနစ်သုံးဆယ် လောက်ထိ စိတ်ရှည်ရှည်နဲ့ စောင့်ပါသေးတယ်။ ဘယ်လိုမှ မူမမှန် တော့တာနဲ့ အိမ်ကို ရောက်နေတဲ့ အဒေါ်က အဲ့ ကျနော် လုပ်နေတဲ့ နို့‌ ကြော်ကို ခွက် အလတ်ထဲ ပြောင်း ပြီး အောက်က အိုးထဲမှာ ရေအပြည့်ထည့် အဖုံးပိတ်ပြီး နို့ကြက်ဥ မွှေကြော်ပေါင်းလုပ်လိုက်ရပါတော့တယ်။


18/05/2026

‎ရခိုင်သင်္ဘောသီးသုပ်က ပေးတဲ့ သင်ခန်းစာ

‎အဲ့နေ့က ယမှုံလှိုင်းမှာ ဒေါင်ထိုင်နေရင်း မိုးလေးကရွာလာတော့ သူငယ်ချင်းတွေ ဆန္ဒမဲ ကောက်ခံကြပါတယ်။ တယောက်တပေါက်ဆီ ပြောကြရင်း နောက်ဆုံး နေ့လည်ခင်း ၃နာရီလောက်ဆိုတော့ မူယစ်လို့လဲ မရကြတော့ ရာသီဥတုနဲ့ အကိုက်ဖြစ်မယ့် သင်္ဘောသီးထောင်းရမယ့် ၂လမ်းက မိဘမေတ္တာ ရခိုင်မုန့်တီဆိုင်ကို ချီတက်ကြပါတယ်။
‎အဲ့ထိ အားလုံးအိုကေနေပါတယ်။
‎ဖြစ်ချင်တော့ အဲ့တုန်းက ရည်းစား‌က သူလဲလိုက်မယ်တဲ့ မိန်းကလေးဆိုရင် ဆိုင်မှာပဲ ထိုင်‌ စောင့်နေကြတဲ့ အစဉ်အလာရှိတော့ သူမလိုက်ဘူးထင်တာ။ သူလဲ ပျင်းနေလို့လိုက်ခဲ့မယ်တဲ့။ အမှန်က ကိုယ့်ဘော်ဒါတွေ ယောကျာ်လေးတွေ ကြီးပဲ သွားရင်း လမ်းမှာ ဆေးလိပ်ဖွာမလို့လေ။ ရည်းစားအရှေ့ ဆေးလိပ်မသောက်ရဆိုတဲ့ စည်းကမ်းက အဲ့တုန်းက စအသက်ဝင်‌ နေတော့ သူ့အရှေ့မသောက်ပဲ ကွယ်ရာမှာ သောက်‌နေခဲ့တာဆိုတော့လေ။
‎အဲ့လိုနဲ့ မုန့်တီဆိုင်ရောက်တော့ မုန့်တီသုပ်အကြော်ငါးဖယ်ရယ်၊ မုန့်တီ အရည်ကြီးပဲရယ် ပဲပြားအစာသွပ်၊ ငဖယ်အစာသွပ်နဲ့ ရခိုင်သင်္ဘောသီးသုပ် စပ်စပ်လေးမှာကြတယ်ပေါ့။
‎အရှေ့က မှာထားတာတွေ နည်းနည်း‌ စောင့်နေရတော့ ပါလာတဲ့ ဘော်ဒါတွေ ဆိုင်နားမှာ ဆေးလိပ် မသောက်ပဲ ဆိုင်နဲ့ မျက်စောင်းထိုးမှာ ဆေးလိပ်သောက်ကြတယ်လေ။
‎ငတိတွေ စော်လေး တဗွေလှိမ့်လာတော့ ကိုယ့်ကို အချက်လှမ်းပေးတယ် "ဟေ့ကောင်တရုတ်တဲ့" ကိုယ်လဲ သိလိုက်တယ် ဒီကောင်တွေနဲ့ အချိတ်အဆက်မိနေတဲ့ အချက်ပေးသံလေ ဆေးလိပ်မသောက်ရလို့ ရခိုင် သင်္ဘောသီးကို ငပိထည့် အချို့မှုန့်ထည့် ဆားလေးဖြူးပြီး ငရုပ်သီးအနှစ်တွေကို ဟင်းရည်လေး နည်းနည်းစမ်းပြီး နယ်တော့မယ့် ရခိုင်အမျိုးသမီးကြီးလက်တွေဆီကို အာရုံအပြည့်ထည့်ထားတာ ငတိတွေခေါ်တော့ အာရုံလေး၃စက္ကန့်‌လောက် ဒီကောင် တွေ မျက်လုံးညွန်ရာပြောင်းလိုက်ရင်း မျက်စောင်းလေးထိုးကြည့် နေတဲ့ အချိန်မှာမှ ရခိုင်အမျိုးသမီးကြီးက သံပုရာသီးကို ထပ်မံ ညစ်လိုက်တဲ့ အနံ့က နှားခေါင်းထဲကို ဝင်ပြီး အကြောအချင်တွေက "ဒါသွားရည်ကျရမယ့်အချိန်ဟေ့ဆိုပြီး နှိုးဆော်လိုက်တာ" သွားကလည်းကျဲနေတော့ သွားထဲ က သွားရည်က အကျ အဲ့အချိန် ပါလာတဲ့ ရည်းစားက ခုနက ဟိုကောင်တွေ ခေါ်တာ သိတော့ "တရုတ်လို့ ဘာလို့ခေါ်တာလဲ အမေး" "စော်လေးက အ‌ဖြတ်" "ရခိုင်အမျိုးသမီးက သံပုရာသီး အညစ်" "သွားရည်ကအကျ" "ပါးစပ်ကို အသပ်" "ရည်းစားကအကြည့်" အကုန် တိုက်ဆိုင်သွားတာ နောက်ဆုံးတော့ ရည်စားက ဘလိန်းတယ် နင်က စော်ငန်းတာ သွားရည်ကျရတယ်တဲ့။
‎နောက်ဆုံးတော့ ဘယ်သူမှ အပြစ်မတင်ပဲ ကိုယ့်ကို သင်ခန်းစာ ယူလိုက်ပါတယ်။
‎"ရခိုင်သင်္ဘောသီး သုပ်နေမယ်ဆိုရင် ဘယ်သူမှ မငေးမိစေနဲ့လို့"

17/05/2026

‎⚠️ ညစ်ညမ်းစာပေ သတိပေးချက် ⚠️
‎ဒီစာထဲတွင် “အနံ့အသက်ပါဝင်သော” အတွေ့အကြုံများ ပါရှိပါသဖြင့်
‎🍜 စားနေစဉ်၊ စားခါနီး ဆိုင်ထိုင်နေစဉ် မဖတ်ပါနှင့်။

‎ဒီနေ့တော့ ကျနော့်ရဲ့ ဒုတိယအကြိမ် STOOL Mission က ပထမအကြိမ်က experience ကြောင့် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
‎ဒါပေမယ့် ပထမတစ်ခါတုန်းကတော့…
‎ကျနော့်ဘဝမှာ “Mission Impossible ပါပဲ။

‎တကယ်တော့ ကျနော် ဒီကိစ္စကို အဆန်းတော့မဟုတ်ခဲ့ပါဘူး။
‎ဂျပန်နိုင်ငံကို စားသောက်ကုန်အလုပ်နဲ့ သွားမယ်လုပ်တုန်းက သင်တန်းက ဆရာမတွေက
‎“စားသောက်ကုန်နဲ့ ပတ်သက်တဲ့အလုပ်လုပ်မယ်ဆို ဆေးစစ်ရတယ်” ဆိုပြီး ပြောဖူးတယ်။

‎အဲ့ထဲမှာ Hepatitis A,B,C တို့လို ကူးစက်ရောဂါတွေအပြင်
‎PATHOGEN ဆိုတဲ့ ဘက်တီးရီးယားတွေကိုပါ စစ်ရတယ်တဲ့။

‎အဲ့ဒီရောဂါတွေက သွေးဖောက်၊ ဓာတ်မှန်ရိုက်တာနဲ့ ပြီးပေမယ့်
‎ဒီ PATHOGEN ဆိုတာကတော့ STOOL sample လိုတယ်တဲ့။

‎အဲ့တုန်းက ကျနော်စိတ်ထဲမှာ
‎“အီးပါပြီး ဗူးထဲထည့်ရုံပဲလေ” ဆိုပြီး ပေါ့ပေါ့ပါးပါး တွေးထားခဲ့တာ။

‎ဒါပေမယ့် ဘဝက plot twist လှန်ဖို့ စောင့်နေတာကို မသိခဲ့ဘူး။

‎ဒီလိုနဲ့ ဂျပန်နဲ့ ကံမဆက်ပဲ အဲ့ကိစ္စလေးကို မေ့သွားတယ်။
‎နောက် UAE ရောက်တော့ Visit Visa နဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တုန်းကလည်း illegal style ဖြစ်နေတော့ ဘာ medical မှ ထွေထွေထူးထူး မလုပ်ခဲ့ရဘူး။

‎၆လလောက်အကြာမှာတော့ ရေနံတွင်းတစ်ခုမှာ Waiter အလုပ်ရသွားတယ်။
‎အဲ့မှာ medical စစ်ရမယ်ဆိုတော့ ကျနော်ထင်တာက…

‎“သွေးဖောက်၊ ဓာတ်မှန်ရိုက်… Done!” 😌

‎ဒီလိုနဲ့ Admin ညွှန်တဲ့ medical center ကိုသွားတယ်။

‎Reception မှာ register လုပ်ပြီး
‎အခန်းတစ်ခန်းဝင် တစ်ခန်းထွက်နဲ့ စစ်ရတော့တာပဲ။

‎ပထမဆုံးက သွေးပေါင်၊ ကိုယ်အလေးချိန်၊ အရပ်တိုင်း။
‎နောက်တခန်းမှာ အဆုပ်အားကောင်းမကောင်းစစ်ဖို့ စက်တစ်ခုထဲကို လေအားကုန် မှုတ်ရတယ်။
‎Monitor ပေါ်က line ကျော်သွားအောင် မှုတ်ရပါတယ်
‎နောက်တခန်းမှာ နားစစ်တယ်။
Recording room လို အသံပိတ်အခန်းလေးထဲဝင်၊ headphone တပ်ပြီး
‎ဘယ်ဘက်ကအသံကြားရင် ဘယ်လက်ထောင်
‎ညာဘက်ကကြားရင် ညာလက်ထောင်။

‎အဲ့တာလည်းအောင်မြင်ပါတယ်။

‎နောက် မျက်စိစစ်တဲ့အခန်းရောက်တော့ Alphabet တွေရွေးခိုင်းတယ်။
‎“Z” “H” “V” “R” စတာတွေ။

‎အဲ့မှာတော့ ကျနော်နည်းနည်း တိုင်ပတ်သွားတယ်။
‎ကျနော်က အဝေးမှုန်ရှိတော့ အောက်ကစာသေးသေးလေးတွေ မမြင်ရဘူး။

‎ဆရာဝန်က
‎“You have glasses?” မေးတော့
‎“ရှိပါတယ်” ဆိုပြီး မျက်မှန်တပ်လိုက်တာ suddenly Ultra HD ဖြစ်သွားတယ် 😂

‎Colour Blind စစ်တော့လည်း အရောင်ထဲက နံပါတ်တွေကို smooth ဖြစ်အောင် ဖြေနိုင်ခဲ့တယ်။

‎ဒီထိ ဘာပြသနာမှမရှိသေးဘူး။

‎ပြသနာက နောက်တခန်းမှာ စတာ…

‎သူနာပြုက သွေးဖောက်ပြီး
‎Hazard ☣️ ပုံပါတဲ့ အိတ်လေးနဲ့ sample ဗူးလေးပေးပြီး

‎“Put your stool inside and bring it back.”

‎ဆိုလိုက်တဲ့အချိန်မှာ…

‎“ဟာ… ဒီနေ့ ဗိုက်ထဲ ဘာမှ ရှိမနေ ဖြစ်နေတာကွာ…” 💀

‎အဲ့မတိုင်ခင်ရက်တွေက ဥပုဒ်စောင့်ထားတော့ ဗိုက်ထဲ အစိုင်အခဲတွေက သိပ်မရှိဘူး။
‎ဖြစ်ချင်တော့ ခုလို့ Stool Sample medical လာမယ်ဆိုတာလည်း မသိထားတော့
‎မနက်က အလုပ်မှာပဲ ရေမိုးချိုးပြီးတော့ ကိစ္စရှင်းခဲ့ပြီးသား။

‎အခုကျမှ ဗိုက်ထဲက ကျန်တဲ့ resource အနည်းငယ်ကို
‎ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် extract လုပ်ရတော့မယ်။

‎အိမ်သာသွားတော့…

‎ပထမထပ်မှာ toilet ၂ခန်းပဲရှိပြီး လူတန်းကြီး မနည်းမနောထဲ ဝင်တန်းစီလိုက်ပါတယ်။

‎အဲ့အချိန် Nurse က
‎“မြန်မြန်လုပ်နော်။ X-ray center က နာရီဝက်ဝေးတယ်။ အဲ့မှာက၂နာရီပိတ်မှာ” ဆိုပြီး timer ပေးသွားတယ်။

‎အဲ့မှာ ကျနော့် brain 100% activate ဖြစ်သွားတယ်။

‎“ဒီအဆောက်အအုံကြီးမှာ ဒီ toilet နှစ်ခန်းပဲရှိမယ် မထင်ဘူး…”

‎ဆိုပြီး လူတန်းထဲကထွက်
‎Security သွားမေးလိုက်တယ်။

‎Security က နောက်ထပ် toilet location ပေးလိုက်တော့
‎ကျနော့်ကိုယ်ကျနော်
‎“ရန်ကုန်သား IQ 😏 ဒီတောသားတွေ line စီနေတာ…” ဆိုပြီး ဂုဏ်ယူစွာနဲ့ အဲ့နေရာကို ရောက်သွားပါတော့တယ်။

‎ဒါပေမယ့်…

‎အဲ့ toilet ထဲဝင်လိုက်တာနဲ့
‎မီးမရှိ ❌
‎ရေမရှိ ❌
‎တံခါး lock မရ ❌
‎ရောက်မှတော့ မထူးပါဘူးဆိုပြီး
‎ကျနော်က ဖုန်း flashlight တဖက်၊
‎ဗူးတဖက်၊
‎တံခါးကို ခြေထောက်နဲ့ကန်ထားပြီး
‎Jackie Chan Drunken Master training pose နဲ့ squat ထိုင်ပြီး mission စရတော့တာပါပဲ။

‎ထိုင်ဖို့ toilet bowl ကလည်း Too much ညစ်ပတ် 😭

‎ပထမ attempt မှာ feeling ကြီးလာလို့
‎“လာပြီဟေ့!” ဆိုပြီး full power ညစ်လိုက်တာ…

‎ဗူးလေးက slip ဖြစ်ပြီး toilet ထဲ
‎“Ploop…” 💦


‎အချိန်ကလည်း ၁၂:၃၀ ကျော်မှာ
‎UAE summer ဖြစ်တော့ မီးမရှိ aircon မရှိတဲ့အခန်းထဲမှာ
‎၅မိနစ်နေရင် Korean drama ထဲက ရေပူစမ်းမှာ လို ချွေးတွေတဗြိုင်းဗြိုင်းထွက်။

‎၁၅မိနစ်လောက် meditation ဆန်ဆန် ထိုင်ပြီးနောက်
‎ကိုယ့်ဦးနှောက်က ကိုယ့်ကိုသနားသွားလို့ထင်ပါတယ်…

‎အစာအိမ်ဟောင်းဆီကို emergency push notification ပို့လိုက်လို
‎Second chance ရလာတယ်။

‎ဒီတခါတော့…

‎Nurse ပေးတဲ့ ဗူးထဲကို
‎ချောချောမွေ့မွေ့ ဝင်သွားပါတယ်

‎ပြီးတော့ ရေဆေးမယ်လုပ်တော့…

‎ရေမရှိပြန် 😭

‎ကံကောင်းတာက နွေရာသီဆိုတော့ ချွေးထွက်တဲ့ မျက်နှာသုတ်ဖို့ယူလာတဲ့ tissue က
‎unexpected hero ဖြစ်သွားတယ်။

‎အဲ့ဒါနဲ့ Hazard ☣️ အိတ်လေးကို clutch လုပ်ပြီး
‎First floor ကို Olympic athlete လို ပြေးတက်၊
‎ချွေးသံရဲရဲနဲ့ အီးတုံးဗူးလေးတွေ စီတန်းနေတဲ့
‎sample counter မှာ သွားထားခဲ့ပါတယ်။

‎ခုနက line ကြီးထဲက လူတွေကတော့ ၂ယောက်ပဲ ကျန်တော့တယ်။

‎အမြန်လိုချင်တဲ့ ရန်ကုန်သားလူလည်တယောက်ဟာ
‎အဲ့နေ့က STOOL Sample Collection mission ကို ဒီနေ့ထိ မမေ့နိုင်သေးပါဘူး… 😂

မြန်မာ ဘုန်းကြီးများ သင်္ကန်းဝတ်နည်း(အမြန်) 13/04/2026

တနှစ်ပတ်လုံး ပို့သတဲ့ မေတ္တာတွေရနေတဲ့ Video...

မြန်မာ ဘုန်းကြီးများ သင်္ကန်းဝတ်နည်း(အမြန်) သင်္ကန်းဝတ်ဆင်နည်း၊ နေကထိုင်ထိုးနည်း၊ သင်္ကန်းဝတ်နည်း

04/04/2026

မနေ့က သောကြာ
တကယ်တော့ မနေ့တနေ့ကဆိုပိုမှန်တယ်။
ညဆိုင်းတွေဆင်းရတော့ လူက နေ့တွေရက်တွေ အကုန် Skip ဖြစ်နေတာ။
ဒီနေ့ည တကယ်တော့ ဒီနေ့က 4.4.2026 စနေ့နေ့ ဒါပေမယ့် လူက ညဆိုင်းသွားထားတော့ မနေ့က တကယ်တော့ ဒီနေ့မနက်။ ပြောတာ ရှုပ်သွားမယ်နဲ့တူတယ်။ ပိုရှူပ်ချင်ရင် ဗီဒီယိုသာ ဖွင့်ကြည့်ကြည့်
VCFB

https://youtu.be/k2Iqgxu8Xkc?si=1qvd7tLeeny2JmKP

Photos 01/04/2026

How beautiful Hanover meals.

31/03/2026

အငွေ့မရှူခဲ့သည့် နေ့ရက်များ မှတ်တမ်း
ဆေးလိပ် မသောက်ဖြစ်တော့တာ ၇၂ရက်ပြည့်သွားပြီး။ အဲ့တာ ညအိပ်တုန်းက Mevius ကို သောက်နေရင်း ကုန်သွားလို့ လိမ်းထိပ် ထွက်ဝယ်တာမရတာနဲ့ ဖက်ကြမ်း ဆက်သောက်တယ်။ ပြီးတော့ ထမင်းချက်ရင် ဖမ်းကြမ်းထပ်သောက်တယ်။ လက်ဖက်ရည် သောက်ချင်တာနဲ့ လက် ဖက်ရည် ဆင်းဝယ်ရင် ဆေးလိပ် ‌ထပ်သောက်တယ်။ သောက်တဲ့ နာမည်တော့ မသိဘူး။
အဲ့တာ အားလုံး အိမ်မက်ပါပဲ။ သတိရလို့ နိုးတဲ့ အချိန်က မနက် ၂နာရီခွဲကြီးမှာ တရေးနိုးတာ။
အရှေ့ ရက်တွေမှာ အဲ့လို အိမ်မက်မျိုး မမက်ဘူးဘူး။ အိမ်မက် မက်တာ အဓိက ပြောချင်တာ မဟုတ်ပါဘူး။ စိတ်သဘော တရားကို ပြောပြချင်တာ။
ဒီရက်ပိုင်းထဲ ဆေးလိပ် သောက်ချင်းစိတ်မဖြစ်ဘူး
လားဆိုတော့ ဘယ်ပြောကောင်းပါ့မလဲ။
လူတိုင်းသောက်နေတဲ့ ဆေးလိပ် ရနံ့က လမ်းပေါ်ထွက်တာနဲ့ သင်းနေတာ။ ကိုယ်တွေ နေတဲ့ အခန်းက ပြတင်းပေါက်မပါတော့ အခန်းထဲ မသောက်ကြဘူး။ အိမ်သာထဲမှာတော့ တခါတလေရတတ်တယ်။
ဆေးလိပ် ကို အခုလို ရက်ရှည် နားထားရလိမ့်မယ့်လို့ တကယ်ကို မတွေးခဲ့ဘူး။ ဒါပေမယ့်လဲ ရပ်သင့်တဲ့ အချိန် မို့လို့နဲ့ တူပါတယ် သူ့အလိုလို မသောက်မိပဲနေမိတာ ဒီနေ့လို ၂လကျော်လာတယ်။

စဖြတ်တဲ့ နေ့ ခက်တယ်။ နောက်နေ့တွေ မသောက်မိအောင် နေရတာ ခက်တယ်။ ဆေးလိပ် မဝယ်မိအောင် နေရတာခက်တယ်။ ဆေးလိပ် သောက်နေတဲ့ သူဆီက မတောင်းမိအောင် သတိထားရတာ ခက်တယ်။ ကျန်တာ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တာ နေ့ရက်တွေကို ကျော်ဖြတ်မိနေတာမို့ နေရက်တိုင်း ကျေနပ်တယ်။ ကျနော်သည် လူတိုင်းနဲ့ အတူတူ ကျန်းမာအောင် နေနိုင်ပါသည်ပေါ့။
ဓာတ်ပုံက အဆောင်လှေကားမှာ ဆေးလိပ်သောက်တဲ့သူတွေထားထားခဲ့ကြတာ။

29/03/2026

(38 ways to Cut the bad things)
The name of the Burmese people has been using Mingalar.
That's why Burmese people greet "Min-Ga- La-Par)

ဂါရဝေါစ၊ နိဝါတော စ၊ သန္တုဋ္ဌိ စ၊ ကတညုတာ၊ ကာလေန ဓမ္မဿဝနံ ဧတံမင်္ဂလမုတ္တံမံ
----------------------------------------------------
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန်ဂုဏ်မကြွနဲ့၊ ကိုယ့်ကို နှိမ့်ချအမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ။

ခန္တီစ၊ သောဝစဿတာ၊ သမဏာနဉ္စ ဒဿန၊ ကာလေန ဓမ္မသာကစ္ဆာ ဧတံမင်္ဂလမုတ္တံမံ
------------------------------------------------------------
ဝတ်စားနေထိုင် ရန်ခပ်သိမ်း စိတ်ကို ချုပ်ထိန်းသည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ်ဟူသမျှကို မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။

တပေါစ၊ ဗြဟ္မစရိယဉ္စ၊ အရိယာသစ္စာန ဒဿနံ၊ နိဗ္ဗာန သစ္ဆိကိရိယာ စ ဧတံမင်္ဂလမုတ္တံမံ
------------------------------------------------------------
လောကီအာရုံ ဇိမ်ယစ်မူးလို့ ပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာဉာဏ်မြင်ကြည့်လို့ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ ဧတံမင်္ဂလမုတ္တံမံ
------------------------------------------------------------
ဆင်းရဲချမ်းသာ သဘာဝကို တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တစ်လှည့်စီလဲ အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောက ကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။

🎁မင်္ဂလာအကျိုး

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့ ကောင်းကျိုးစည်ပွင့် တဝေဝေ။
ဘေးရန်ကင်းကွာ ချစ်သူပေါလို့ ကိုယ်ရောစိတ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။

💎နိဂုံးကဗျာ

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့ ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့ လူနှင့်လူချင်းသတ်ကာနေ။
ငြိမ်းချမ်းပါစေ၊ အာသီသနဲ့ စွမ်းနိုင်ရာက ကူညီသလေ။
သုံးဆယ့်ရှစ်ပါး မင်္ဂလာတရား ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ ကမ္ဘာက သိပါစေ။
ဒဂုန်ဦးထွန်းမြင့်

27/03/2026

တချို့အရာ‌တွေ ပိတ်ပင်ထားလို့
ကိုယ့်ရဲ့အကျိုးဖြစ်စေသော ဖြစ်တည်မူတွေ
မတောက်ပရတာမျိုးမဖြစ်ပါစေနဲ့

27/03/2026

ထမင်းချိုင့်ဟင်း
နှလုံးပဲပြားအချို

Want your public figure to be the top-listed Public Figure in Abu Dhabi?
Click here to claim your Sponsored Listing.

Category

Address

Abu Dhabi